ဒီပြည်ဒီမြေ

0
195

လှပတဲ့ နှင်းဆောင်းတောင်တွေ
ဆိတ်ငြိမ်တဲ့ ကုန်းမြင့်ကြီးတွေ ပေါ်ကနေ
ဆင်းလာတဲ့ လေပြည်တွေရယ်
အေးမြတဲ့ အငွေ့အသက်တွေ
အဝေးဆီက သယ်ယူလာခဲ့ရင်း
ဒီပြည်ပေါ်ကို ပေးအပ်ခဲ့ပါပေါ့လား။
သဲသောင်ဖြူလွှတွေနဲ့ ဖြန့်ခင်းထားတဲ့
ဒီကမ်းခြေရိုးတန်းတစ်လျှောက်ဆီ
အမြဲရောက်လာတတ်တဲ့
မုတ်သုံမိုးတွေလည်းပဲ
ပင်လယ်ပြာပြာကို ဖြတ်သန်းလာရင်း
သစ်တောစိမ်းကြီးတွေကို နှုတ်ဆက်မြဲ
နှုတ်ဆက်လာခဲ့ပေါ့။
ဒီမြေမှာ စီးဖြာနေတဲ့ မြစ်ကြီးတွေနဲ့အတူ
မြေပြန့်လွင်ပြင်တွေ တစ်လျှောက်လိုက်ပါလို့
ဘေး ဘယ်ညာက ရှုခင်းတွေ
ကြည့်ဦးမယ်ဆို
တောင်တန်းပြာတွေ၊ ထန်းပင်တွေ
ကောက်လှိုင်းတွေ၊ သိုးနွားတွေ
စေတီပုထိုးတွေ
ဆီးကြိုလို့ နေလိမ့်မှာပေါ့။
လှပတဲ့နေရာတွေနဲ့
စုံလင်တဲ့ အစားအစာတွေ
မျိုးစုံတဲ့ ဓလေ့နဲ့
ကြွယ်ဝလှပတဲ့ ယဉ်ကျေးမှုတွေ
ပေါက်ဖွားစည်ပင်
ရှင်သန်နေတဲ့ ဒီနေရာရယ်
ကြောက်လန့်မှုတွေနဲ့
တိတ်ဆိတ် မနေစေချင်ဘူး
မသင့်မြတ်မှုတွေနဲ့
ငတ်မွတ် မနေစေချင်ဘူး
အနှောင်အဖွဲ့တွေနဲ့
မလွတ်မလပ် မဖြစ်စေချင်ဘူး
မမျှတမှုတွေနဲ့
ကွဲကြေ မနေစေချင်ဘူးကွယ်။
တောင်ပေါ်မှာ ပန်းတွေပွင့်လို့
မြေပြန့်မှာ ရယ်သံတွေ
လွင့်လွင့်နေပါစေသား။

လင်းထိန်


LEAVE A REPLY

Please enter your comment!
Please enter your name here