ပရိသတ်တကူးတကလာကြည့်ရတာနဲ့ ထိုက်တန်တဲ့ ရုပ်ရှင်ဇာတ်ကားမျိုးဖြစ်ဖို့လိုပါတယ် ကျော်ကျော်

0
163

ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ အနုပညာရှင် တစ်ဦးဖြစ်တဲ့ ကျော်ကျော်အနေနဲ့ ရုပ်ရှင်ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်လျက်ရှိပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေမှာ ဘယ်လို ပီပီပြင်ပြင်သရုပ်ဆောင်ထားလဲဆိုတာကို မကြာမီပရိသတ်တွေ ကြည့်ရှုရဦးမှာပါ။ ဒါပေမဲ့လည်း ရုံတင်ဖို့ အခက်အခဲတွေရှိနေတာကြောင့် ရုပ်ရှင်ဇာတ်ကားတွေ အများကြီး စောင့်ဆိုင်းလျက်ရှိနေပါတယ်။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အခုလို ရုပ်ရှင်ဇာတ်ကားတွေအများကြီးရှိနေတာဟာ ရုပ်ရှင်ရဲ့ အရည်အသွေးကျဆင်းသွားစေနိုင်ကြောင်းကိုတော့ ကျော်ကျော်က…

”ရုံတင်တဲ့စနစ်ကလည်း ဘယ်လိုမှန်းမသိဘူး။ ရုပ်ရှင်တွေက ကျွန်တော်ဆိုလည်း ရုံတင်ဖို့ဇာတ်ကား ၁၅ ၊ ၂ဝ ဝန်းကျင်လောက် ကျန်သေးတယ်။ တခြားလူတွေလည်း ဇာတ်ကားတွေအများကြီး ရုံတင်ဖို့ကျန်သေးတယ်။ ရုပ်ရှင်ဆိုတာက အဲဒီလိုဇာတ်ကားတွေ အများကြီး ရှိနေတာမကောင်းဘူးလို့ ပြောချင်တယ်။ ဗီဒီယိုကတော့ ဇာတ်ကားတွေ အများကြီး ရိုက်ကူးတာ ပြဿနာမရှိဘူး။ ကျွန်တော်ဆိုရင် တစ်ခါတလေကျရင် မြန်မာဇာတ်ကား ငှားလိုက်တယ်။ ၂ ကား၊ ၃ကား တစ်နေ့တည်းနဲ့ ကြည့်တယ်။ ရုပ်ရှင်ကျတော့ အဲဒီလိုမျိုးမဟုတ်ဘူးလေ။ ကျွန်တော်တို့က တခုတ်တရနဲ့ အိမ်ကနေလာ၊ သေသေချာချာပြင်ဆင် အစားအသောက်တွေ ဝယ်ပြီးတော့မှ ရုပ်ရှင်ရုံကိုလာပြီး တကူးတကကြည့်ရတဲ့ အခါကျတော့ အဲဒီလို တကူးတက လာကြည့်ရတာနဲ့ ထိုက်တန်တဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ဖို့လိုတာပေါ့။ သေချာတယ် ဘယ်ကုန်ပစ္စည်းမဆို အရေအတွက်တွေ များလာရင် တန်ဖိုးကတော့ လျော့ကျလာမှာပဲ။ ရုပ်ရှင်အနုပညာဆိုတာ ဒီထက်တောင်တန်ဖိုး ရှိသေးတာဆိုတော့ သေချာတယ် အရေအတွက်နည်းမှသာလျှင် ကွာလတီ ပိုဖြစ်မယ်။ အရေအတွက်များရင်တော့ အရည်အသွေးက ကျသွားမှာပဲ။ ဒီလိုမျိုးတွေ ဖောင်းပွနေမှုကို အတတ်နိုင်ဆုံး ကျွန်တော်တို့က လျှော့ချရမယ်။ လျှော့ချဖို့အချိန်လည်း လိုပြီလို့ ကျွန်တော့်အနေနဲ့ ထင်ပါတယ်”လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။

အခုအချိန်မှာတော့ ရုပ်ရှင်ရဲ့ကွာလတီပိုမို ကောင်းမွန်အောင်တာဝန်ရှိတဲ့ လူကြီးတွေက လုပ်ဆောင်နေကြပေမယ့်လည်း ၂ဝ၂ဝ ပြည့်နှစ်လောက် အထိကတော့ အခုလိုပုံစံပဲ သွားနေဦးမှာပဲလို့ သူကဆိုပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here