ဒုတိယမြောက် ရုပ်ရှင် ဇာတ်ကားမှာ အောင်မြင်မှုတွေ ထပ်မံရရှိလာနိုင်မလား ရဲရင့်အောင်

0
550

အဆိုတော် သရုပ်ဆောင် ရဲရင့်အောင်ကတော့ သူ့ရဲ့ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ‘လျှို့ဝှက်စာမျက်နှာ’ ဇာတ်ကားကို ဒါရိုက်တာအောင်ဇော်လင်းနဲ့ ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ‘ငါ့ကိုနမ်းတဲ့ မုန်တိုင်း’ မှာလည်း အောင်မြင်မှုတွေ ရရှိခဲ့ပြီးထပ်မံ ရိုက်ကူးမယ့် ‘လျှို့ဝှက်စာမျက်နှာ’ မှာကော ကိုယ့်အတွက် အောင်မြင်မှုတွေ ထပ်မံရရှိလာ နိုင်မလားလို့ မေးကြည့်တဲ့အခါမှာတော့ ရဲရင့်အောင်က . . .

”ကျွန်တော် အဲဒီလိုကြီး မျှော်လင့်ထားတာတော့ မရှိပါဘူး။ ကိုယ်လုပ်ရမယ့် ကာရိုက်တာကို အကောင်းဆုံးကြိုးစားမယ်။ ဒီဇာတ်ကားထဲမှာဆိုလည်း မသင်ဇာလည်း ပါဝင်တယ်။ အဲဒီတော့ ကျွန်တော်တို့ မသိသေးတဲ့အရာတွေကို စီနီယာတွေဆီက ပြန်သင်လို့ရတယ်။ အခုထိကျွမ်းကျင်တဲ့ သရုပ်ဆောင်တစ်ယောက် မဟုတ်သေးတဲ့အတွက် အခက်အခဲတွေတော့ ရှိတယ်။ ရှိတဲ့ အခက်အခဲတွေလည်း အများကြီး ကြိုးစားရမှာပါ။ ငါ့ကိုနမ်းတဲ့ မုန်တိုင်းမှာလည်း ပရိသတ်က အားပေးကြတယ်။ အဲဒီအတွက်လည်း ကျွန်တော်ကျေနပ်တယ်။ အခုကျွန်တော့်ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားမှာလည်း ကျွန်တော်ရသလောက် အကုန်သရုပ်ဆောင်မယ်။ ပရိသတ်ကြီးက အားပေးကြပါဦး” လို့ ရဲရင့်အောင်က ပြောပါတယ်။ သရုပ်ဆောင်ပိုင်းမှာ နေရာတစ်နေရာ ရောက်လာပြီဖြစ်တဲ့ အတွက် ကိုယ်ကျွမ်းကျင်တဲ့ အဆိုပိုင်းမှာ အားလျော့သွားတာများ ရှိသွားမလားလို့ မေးကြည့်တဲ့ အခါမှာတော့ ရဲရင့်အောင်က . . .

”အဲဒီလိုမျိုးကြီး သရုပ်ဆောင် လုပ်နေလို့ သီချင်းပိုင်းမှာ အားလျော့သွားမယ့်အပိုင်းတွေ ကျွန်တော့်မှာ မရှိပါဘူး။ ကိုယ်လုပ်ရမယ့် အရာတွေကို မျှမျှတတနဲ့ လုပ်သွားဖို့ပဲ ရှိပါတယ်။ သရုပ်ဆောင်နေတဲ့ အချိန် သရုပ်ဆောင်တဲ့ အပိုင်းကို အကောင်းဆုံးလုပ်မယ်။ သီချင်းဆိုတဲ့ အချိန်ကျရင်လည်း ကျွန်တော့် ပရိသတ်အတွက် အကောင်းဆုံးဖြစ် အောင်လုပ်မယ်။ ဒီလောက်ပါပဲ။ ကျန်တာတော့ ဘာမှထွေထွေထူးထူး မရှိပါဘူး။ ကျွန်တော်အခု ကျွန်တော့် သီချင်းခွေ အတွက်လည်း ပြင်ဆင်နေတယ်။ အခွေထွက်ဖို့လည်း အကောင်းဆုံး ကြိုးစားနေပါတယ်။ တချို့ ကျွန်တော့် ပရိသတ်တွေက ကျွန်တော် သရုပ်ဆောင်လုပ်နေလို့ သီချင်းမဆိုတော့ဘူးလို့ ထင်နေကြတယ်။ အဲဒီလိုမျိုး မဟုတ်ပါဘူး။ ကျွန်တော် သီချင်းလည်း ဆိုမှာပါ။ ကျွန်တော့်သီချင်း ခွေအတွက် လည်း ကြိုးစားနေပါတယ်” လို့ ရဲရင့်အောင်က ပြောပါတယ်။

အရင်နှစ်က ပွဲဈေးမှာ ချစ်သူ နှစ်ဦးစလုံး ဈေးဆိုင်ခန်းဖွင့်ခဲ့တဲ့ အတွက် ဒီနှစ်ကော ဈေးဆိုင်ဖွင့်ဖြစ်ဦးမလားလို့ မေးကြည့်တဲ့ အခါမှာတော့ ရဲရင့်အောင်က ”ဒီနှစ်တော့ ဈေးဆိုင်ခန်း မဖွင့်ဖြစ်တော့ပါဘူး။ (ရယ်လျက်)။ အလုပ်တွေက ပုံနေတော့ ဒီနှစ်တော့ မဖွင့်ဖြစ်တော့ဘူး။ ဟိုနှစ်ကလည်း အဲဒီပွဲဈေးမှာ ဈေးဆိုင် ဖွင့်တုန်းကလည်း အမှတ်တရ တွေအများကြီးပဲ။ ကျွန်တော်က ဈေးရောင်းရတာ ကြိုက်တယ်။ ဈေးရောင်းပြီး ပိုက်ဆံရေရတာကို ကြိုက်တယ်။ ဘာပဲဖြစ်ဖြစ် အမှတ်တရတစ်ခု ဖြစ်သွားတာပေါ့။ အခုတော့ အဲဒီလိုလည်း အချိန်မပေးနိုင်လောက်တော့ပါဘူး” လို့ ရဲရင့်အောင်က ပြောပါတယ်။

သဲစုလှိုင်
ဓာတ်ပုံ-ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here