စီနီယာအဆိုတော်ကြီးတွေရဲ့ သီချင်းတွေကို တန်ဖိုးထားတဲ့စိတ်နဲ့ပြန်လည် ခံစားသီဆိုမယ့်စည်သူလွင်

0
152

အသံအားကောင်းတဲ့အဆို တော်တွေထဲမှာ စည်သူလွင်လည်းတစ်ယောက်အပါအဝင်ပါပဲ။သူကတစ် ကိုယ်တော်ဖျော်ဖြေပွဲမလုပ်ဖြစ်တာ ၄နှစ်လောက်ကြာခဲ့ပါပြီ။ နိုဝင်ဘာ၁ဝရက်နေ့၊ ည ၇ နာရီမှာတော့ ရန်ကုန်မြို့၊ ရွှေထွဋ်တင်ရှိ Hexagon Complex မှာ သူ့ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ပြုလုပ် တော့မှာပဲဖြစ်ပါတယ်။ ဒီပွဲကိုတော့ သူက A Part Of Me လို့ အမည်ပေးထားပါတယ်။

ဒီပွဲကသူအရင်ဖျော်ဖြေခဲ့တဲ့ ပွဲတွေထက် တစ်မူထူးခြားနေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့သီချင်းတွေ သီဆိုမှာထက် လွှမ်းမိုး၊စိုးလွင်လွင်၊ ဇော်ဝင်းထွဋ်၊ထူးအိမ်သင်၊တူးတူးတို့ရဲ့ သီချင်းတွေကို ပြန်လည်ခံစား သီဆို မှာကြောင့်ဖြစ်ပါတယ်။

”ဒီသီချင်းတွေက ကျွန်တော်ငယ်ငယ်က တအားကြိုက်ခဲ့ရတဲ့ သီချင်း တွေပါ။ အဲဒီလိုပဲ ကျွန်တော်တို့ပရိသတ်တွေ အနေနဲ့လည်း ကြိုက်ခဲ့ကြမှာပဲလေ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ Generation ချင်းတူ တာကိုး။ အဓိကတော့ စီနီယာ Artist ကြီးတွေရဲ့ သီချင်းတွေကို ကျွန်တော်က ပြန် ဂုဏ်ပြုပြီးတော့ သီဆိုတယ်ဆိုတဲ့ သဘောပါပဲ။ ကျွန်တော့် သီချင်း ကတော့ ပါတော့ပါမယ်။ ဒါပေမဲ့နည်းပါမယ်” လို့ ပွဲမှာသီဆိုသွားမယ့်သီချင်းတွေနဲ့ ပတ်သက်လို့ စည်သူလွင်က ပြောပါတယ်။ သူ့အနေနဲ့ အဆိုတော်ဖြစ်လာခဲ့ရတယ် ဆိုတာကလည်းရှေ့ကစီနီယာ Artist တွေကြောင့်ပဲဖြစ်ပြီး သူတို့ကိုအားကျလို့ ကြိုးစားရာကနေပြီးတော့ အဆိုတော်တစ်ယောက်ဘဝကို ရောက်လာ တာ ပါလို့ ဆက်ပြောပြပါတယ်။

”အဲဒီအတွက်ကြောင့်မို့ ကျွန်တော်က တန်ဖိုးထားလေးစား ထားပြီးသားပါ။ ပြန်ဆိုတဲ့နေရာမှာလည်း ငါကတော့ သူ့ကို ကျော်အောင် ပြန်ဆိုမယ့်စိတ်မျိုးလည်း လုံးဝမရှိပါဘူး။ သူတို့က ကျွန်တော် လေးစားထားပြီးသား ဆရာသမားတွေဖြစ်ပါတယ်။ အတတ်နိုင်ဆုံးစဉ်းစားတာဘာရှိလဲဆို တော့ ဒီသီချင်းရဲ့ မူရင်းအရသာ ကိုပျက်သွားမှာသိပ်ကြောက်တယ်။ အဲဒီတော့ သူတို့ကိုစော်ကား မိသလို မဖြစ်အောင်ပေါ့။ ဒါကြောင့်သီချင်းရဲ့ မူရင်းအရသာကို မပျက် အောင် ကြိုးစားပြီး သီဆိုသွားမှာပါ။ သူတို့ကိုမမီရင်တောင်မှ ကိုယ့်အနေနဲ့ နောက်အထပ်အရသာ လေးတစ်ခုရအောင် အမြဲ တမ်း ကြိုးစားပြီးသီဆိုမှာပါ” လို့ သီချင်းတွေအပေါ်တန်ဖိုး ထားမှုကို ပြောပြပါ တယ်။ ဒီပွဲမှာစုံတွဲအဆိုအနေနဲ့ဟေမာ နေဝင်း၊ ဂျုဝယ်တို့ ပါဝင်မှာ ဖြစ်ပြီး သီချင်း အားလုံးအပုဒ်သုံးဆယ်လောက် သီဆိုမှာဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်းတွေကတော့ VIP လက်မှတ်ကို ငွေကျပ်၁သိန်း၊ ၅သောင်း၊ ၃သောင်း၊၂သောင်း တို့ ပဲဖြစ်ပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံအောင်ဇော်မင်


LEAVE A REPLY

Please enter your comment!
Please enter your name here