စိတ်ကူးသက်သက် ဂန္နာရီလှည့်လည်ခြင်း

0
212

ငါသွားတော့မယ်။ မိုးကုပ်စက် ဝိုင်းအောက် လမ်းတကာကို လျှောက်ပြီး ဂန္ဓာရီလှည့်လည်မယ်။ ကြင်နာသနားတတ်တဲ့ မြို့ကလေးမှာ ငါဟာ သူတောင်းစားအဘိုးကြီးအဖြစ် နဲ့ နေ့ရက်များစွာလှည့်လည်မယ် ကွယ်။ စားကြွင်းစားကျန်ကလေးများ ရှိရင် တစ်ဆုပ်တစ်လုတ် သနားကြ ပါခင်ဗျာ။ ဒီလိုလည်း ငါရွတ်ဆိုရဦး မှာ။ ထမင်းဖိုးငွေ အကြွေကလေး များပါရင် စွန့်ကြဲကြပါခင်ဗျာ။ ကြင်နာ သနားတတ်တဲ့ မြို့ကလေးမှာ သူတောင်းစားအဘိုးကြီးဟာ ရက် ပေါင်း ၁ဝဝ။ ညစ်ထေးကြေးညှော်နဲ့ နံစော်ဟောင်းနွမ်းအဝတ်စုတ်နဲ့ ငါ ဟာ ဘာကိုများ တန်ဖိုးထားရလိမ့် မတုံးကွယ့်။ ငါဆက်သွားမယ်။

လမ်း တွေအတိုင်း လှည့်လည်။ ဘာသာ တရား ကိုင်းရှိုင်းတဲ့မြို့ကလေးမှာ ငါဟာ ဒုလ္လဘရဟန်းတစ်ပါးအဖြစ် နဲ့သာ။ ငါဟာ အာဂန္တု ရဟန်းတစ်ပါး အဖြစ်နဲ့သာ။ မိုးသောက်နံနက် သြကာသ လောကကြီးထက် နေလုံး ကြီး တရိပ်ရိပ်တက်လာပြီဆို ငါဟာ ရဟန်းအိုကြီးအဖြစ်နဲ့ အိမ်ပေါက်စေ့ လှည့်လည်ဆွမ်းခံမယ်ကွယ့်။ သူ ဆင်းရဲတွေအိမ်ရှေ့မှာ ငါဟာ သပိတ်ကိုပိုက်လို့ ရပ်နေမှာ။ လက် လုပ်လက်စားတွေရဲ့ အိမ်ရှေ့မှာ ငါဟာသပိတ်ကိုလှပ်လို့ ရပ်နေမှာ။ သူဌေးသူကြွယ်တွေရဲ့ အိမ်ရှေ့မှာ ငါဟာ သပိတ်ကို မြှောက်ချီလို့ ရပ် နေမှာ။ ငါဟာ ဒုလ္လဘရဟန်း အိုကြီး သာ၊ ငါဟာ အာဂန္တုရဟန်းအိုကြီး သာ။ နေလုံးဟာတန်းတဖျားရောက် တော့ ရဟန်းအိုကြီးဟာ မြို့စွန်က ဇရပ်ထက်မှာ ရောက်နေပေါ့။ ဘာ သာတရားကိုင်းရှိုင်းတဲ့မြို့ကလေးမှာ ငါဟာ ရဟန်းအိုကြီးအဖြစ်နဲ့ ရက် ပေါင်း ၇ဝ။ ဦးပြည်းမှာ နေရောင်ထိုး ပေါ့။ ကျနေဟာ နီရွှေရွှေ အဆင်းနဲ့။ သဒ္ဓါထက် သန်ပြီး ဘာသာတရားကိုင်းရှိုင်းတဲ့ မြို့ကလေးကို ဖြတ်လို့ ဘဝသံသရာရထားဟာ ခုတ်မောင်းသွား ပေါ့။ ငါ ဆက်၍ ဆက်ကာ သွားရလိမ့်မည်သာ။ စီးပွားရေးဖြစ်ထွန်းတဲ့မြို့ကြီးမှာ ငါက ကုန်သည်ပွဲ စားတစ်ယောက်အဖြစ် ရောက်ရှိသွားရလိမ့်ဦးမှာ။ဆန်ဈေး၊ ဆီဈေး၊ ဆားဈေးငါက မေးရပေလိမ့်မယ်။ တောမြို့ကလေး က တက်လာတဲ့ ငွေကြေးကုံလုံသူ ကုန်သည်ပွဲစား တစ်ဦးနှယ်။ ဆန် စပါး၊ ပဲ၊ ပြောင်း၊ နှမ်းဝါ၊ ငါးပိ၊ ငါး ခြောက်၊ ငရုတ်ကြက်သွန်၊ အိတ် သွန်ဖာမှောက်ရောက် တတ်ရာရာ၊ ငါအလိုရှိတာကို ရောင်းဝယ်ဖောက်ကား ကုန်သည်ပွဲစားအဖြစ် ဈေးမြို့ကြီးမှာ ရက်ပေါင်း ၅ဝ ကြာ။ ဒီလိုနဲ့ ဂန္ဓာရီ လှည့်လည် အနုပညာကို တန်ဖိုးထားတဲ့ မြို့ကလေး ဆီမယ် ငါဟာ ကဗျာဆရာအဖြစ်နဲ့ပေါ့ကွယ်။ ကဗျာဆရာအဘိုးအိုဟာ ညနေခင်းနေဝင် ချိန် သေရည်ဆိုင်တွေမှာ ယမကာ တစ်ခွက်နဲ့ စီးကရက် ကို လက်ကြားမှာ ဟန်ပါပါညှပ်လို့ ရှေးမာ့ (စ်)ဟေ နီရဲ့ ဇီးနဲ့ နွားမကဗျာကို ဖြည်းဖြည်း ချင်းရွတ်ဆိုလို့။ ဘားတော့ဘရက်ရဲ့ လည်ပင်းမှာ စာဆွဲထားခွေး ကလေး တစ်ကောင်အကြောင်း ပြောပြလို့

”ဟော ဟိုမှာ ဘစ်ဂိုးရေးမြို့ရှိလိမ့်မယ်”လို့ စိတ်မှန်းနဲ့ လက်ညှိုးထိုးနေကာ အနုပညာကို ချစ်မြတ်နိုးတဲ့ မြို့ကလေးရဲ့ တစ်နေရာမှာ ရက်ပေါင်း ၄ဝ ကြာ လေ။ ကဗျာဆရာအဖြစ် ရက်ပေါင်း ၄ဝ ကြာမြင့်ပြီး တဲ့နောက်မှာ ငါဟာ မိစ္ဆာတွေမြူးတဲ့ မြို့တစ်မြို့ဆီ ကို ရောက်ရပြန်တော့တာ။ မှန်ပါတယ်။ မိစ္ဆာတွေ မြူးတဲ့မြို့မှာ ငါဟာ သွေးစုပ်ဖုတ်ကောင်အဖြစ်နဲ့ လှည့်လည်လည်ပင်း သွေးကြောမကြီးတွေ တွေ့ရင် ဝမ်းထဲမှာဟာ လာပေါ့ကွယ်။ ဒရက်ကူလာအလှ ပြုပြင်ရေးမှာ ငါဟာ ငါ့အရေပြားကို ပြုပြင် ငါ့သွား တွေကို ချွန်ခဲ့တယ်။ လမိုက်ညမြို့ထဲမှာ မိစ္ဆာတွေ မြူးကြ။ ငါက သွေးစုပ်ဖုတ်ကောင်အဖြစ်နဲ့ အမှောင်ထဲမှာ လမ်းသလား ခွေးအူသံတွေကြားမိ ပေါ့။ ဒီလိုနဲ့ မိစ္ဆာတွေ မြူးတဲ့မြို့တစ်မြို့မှာ သွေး စုပ်ဖုတ် ကောင်အဖြစ်နဲ့ ငါဟာ ရက်ပေါင်း ၃ဝ ကြာ။ ဒီလိုနဲ့ ဆက်သွားဆက် သွားရှေ့ကိုဆက်သွား လူပျော်တွေ နေထိုင်ကြတဲ့ မြို့ကလေးမှာ ငါဟာ လူရွှင်တော်အဖြစ် ရောက်ရှိရပြန်တော့တာ။ လူရွှင် တော်ဟာ ရယ်စရာပဲ။ အသက်က ကြီးပြီ။ ပါးစပ် ဟလိုက်ရင် သွားကျိုးတွေနဲ့။ လူက အိုပေမယ့် ကချင်ခုန်ချင်တုန်း။ လူရွှင်တော်ဟာ သူမျက်နှာကို နံပြားဖုတ်တဲ့ အဝတ်ထုပ်နဲ့ ဂျုံမှုန့်တွေတို့ပြီး ဖုန်း ခနဲ ရိုက်လိုက်ရာ ဖွေးဖွေးဖြူ မျက်နှာ၊ ရယ်ပြနေ ဟန်က သွားကျိုးတွေနဲ့ အချိုးမကျ။ လူပျော်တွေ နေ ထိုင်တဲ့မြို့ကလေးမှာ လူရွှင်တော် အဖြစ်နဲ့ ငါ ရက်ပေါင်း ၁ဝ ကြာ။ စိတ်ကူးသက်သက် ဂန္ဓာရီ လှည့်လည်ခြင်းမှာ ။

နေမျိုး


LEAVE A REPLY

Please enter your comment!
Please enter your name here