ဒါရိုက်တာ ဏကြီးပြောတဲ့ ‘မီ’ ရုပ်ရှင်ရိုက်ကူးခဲ့စဉ်က စိန်ခေါ်မှုများ

0
127

နောက်ဆုံးတော ကြိုးစားမှုရဲ့ ရလဒ်ကို သူအပြည့်အ၀ခံစားခဲ့ရတယ်ပေါ့လေ။ ‘မီ’ ဟာအောင်မြင်ခဲ့တယ်။ မီဆေးလိပ်သောက်တာကိုတောင် အွန်လိုင်းမှာ ဟော့ဖြစ်ခဲ့တဲ့အထိအောင်မြင်ခဲ့တယ်။ ဆင်ဆာအဖွဲ့က ဆေးလိပ်သောက်တာကို ဆင်ဆာပေးခဲ့ပါတယ်။ ဘရန်ဒီသောက်တဲ့အခန်းတွေမှာသာ ဆင်ဆာဖြတ်ခဲ့တာပါလို့လည်း ဒါရိုက်တာ ဏကြီးကပြောပါတယ်။ အခု ‘မီ’ ကို စင်ကာပူမှာ ပြသပြီ။ စင်ကာပူမှာတော့ မီ ဘရန်ဒီသောက်တဲ့အခန်းတွေပါ ထည့်သွင်းပြသခွင့်ရတဲ့အတွက်လည်း သူအပြည့်အ၀ပျော်ရွှင်လို့နေပါတယ်။ ဆိုတော့ ဒါရိုက်တာ ဏကြီးကို မီအကြောင်းမေးဖြစ်ခဲ့ပါတယ်။ တကယ်တော့ ‘မီ’ ၀တ္ထုဟာ ပါးပါးလေးရယ်ပါ။ သို့သော် ၀တ္ထုထဲက ‘မီ’ဆိုတဲ့ အမျိုးသမီးရဲ့ ကာရိုက်တာက ၀တ္ထုပါးပါးလေးနဲ့ မလိုက်အောင် ဆွဲဆောင်လွန်းနေတယ်။ ရုပ်ရှင်ရိုက်ဖို့အတွက် လွယ်ကူလှတဲ့အထဲမှာ မပါလှဘူး။ ဒါရိုက်တာ ဏကြီးလည်းတော်တော်ပြင်ဆင်ခဲ့ရတယ်။ တကယ်တော့ ‘မီ’ကို သူ့ချစ်သူ ဆန္ဒကြောင့် ရိုက်ဖြစ်တာပါလို့လည်း သူက ဖွင့်ဟခဲ့ပါတယ်။

“အမှန်အတိုင်းပြောလို့ရှိရင် ‘မီ’ ကိုဖန်တီးဖြစ်တာကတော့ သုသု(ပိုင်ဖြိုးသု) ကြောင့်ပါ။ သုသု သူရိုက်ချင်လို့ ကျွန်တော်ရိုက်ပေးတာပေါ့နော်။ ဆိုတော့ ကျွန်တော်ကိုယ်တိုင်က မီကိုရိုက်ရမှာ ကြောက်တယ်။ အားလုံးလည်း သိတဲ့အတိုင်း ဆရာမကြီး ကြည်အေးက Character-driven ပေါ့နော်။ ဇာတ်လမ်း၊ ဇာတ်ကွက်တွေနဲ့ ခေါ်သွားတဲ့အရာမဟုတ်ဘူး။ မီဆိုတဲ့ ကာရိုက်တာကနေမှ အစကနေ အဆုံးအထိကို မောင်းနှင်သွားတာပေါ့နော်။ သူ့ရဲ့ အရေးအသားအရလည်း စိတ်အစဉ်ကိုရေးထာများတယ်။ ပတ်ဝန်းကျင်အဖွဲ့အနွဲ့၊ အချိန်အခါအဖွဲ့အနွဲ့ အဲဒါတွေက အရမ်းနည်းတယ်။ ရုပ်ရှင်မှာကကျတော့ အပြရှိတာကိုး။ ဆိုတော့ စိတ်တွေကို ပြဖို့ကျတော့ ခက်တယ်လေ။ ခက်တယ်ဆိုတဲ့အတွက်ကြောင့် ဒီဝတ္ထုကို ကျွန်တော် ဖတ်ပြီးသွားတဲ့အချိန်မှာ Research က တော်တော်များများလုပ်ရတယ်။ အဲဒီခေတ်က ထွက်ခဲ့တဲ့ တခြားဝတ္ထုတွေ ဥပမာ-ဗန်းမော်တင်အောင်ရဲ့ မြိုင်၊ ဒဂုံတာရာရဲ့ မေ၊ ဆရာဆောင်းဝင်းလတ်ရဲ့ မီးပြတိုက် အဲဒီလိုမျိုးပေါ့နော်။ စစ်ပြီးကာလအငွေ့အသက်တွေပေါ့။ အဲဒီခေတ်မှာ ဘာအ၀တ်အစားတွေဝတ်ကြလဲ၊ ဆေးတံသောက်တာကအစ ၀တ္ထုတွေထဲကနေ လိုက်ရှာရတယ်။ မီဆိုတဲ့ ၀တ္ထုမှာက ဒါတွေ အများကြီးထည့်မရေးထားဘူးလေ။ ထည့်မရေးထားတဲ့အတွက် ကျွန်တော် တခြားကနေ Research အများကြီးလိုက်လုပ်ရတယ်။ ကျွန်တော်ကတော့ ခက်မယ်ဆိုတာ အရမ်းသိတယ်။ ရုပ်ရှင်ရိုက်မယ်ဆိုပြီး ပြန်ခွဲတယ်ဆိုတဲ့အချိန်မှာ Layer တွေအများကြီးတွေ့ရတယ်။ ကျွန်တော့်အတွက် Challenge လည်းအရမ်းများမယ်ဆိုတာ သိသိကြီးနဲ့ ရိုက်ခဲ့တယ်။ ဒါပေမဲ့ တန်ပါတယ်။ ကျွန်တော် ပင်ပန်းရတာနဲ့ အနုပညာစိုက်ထုတ်ရတာနဲ့ Feedback လေးတွေ ပြန်ရတဲ့အတွက် တန်တယ်လို့ ခံစားရတယ်။ အခုကျွန်တော် သိသလောက်ကလည်း မြန်မာ့ရုပ်ရှင်သမိုင်းမှာ မှားချင်လည်းမှားလိမ့်မယ်။ Character-driven ဆိုရင် ဆရာကြီးမောင်သာရရဲ့ ‘ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း’ ကို ဦးဝဏ္ဏရိုက်ခဲ့တယ်။ အဲဒီတစ်ကားလောက်ပဲ Character-driven တွေ့သေးတယ်။ ကျန်တဲ့ဝတ္ထုတော်တော်များများရော၊ ရုပ်ရှင်တော်တော်များများရော Plot-driven သွားကြတာများတယ်။ သူက Visual နဲ့ ပြရတာကိုး။ Visual နဲ့ ပြရတာဖြစ်တဲ့အတွက် Plot-driven တွေကပဲ ပရိသတ်ကို ဖမ်းစားနိုင်တယ်။ Character-driven ဆိုတာ စိတ်အလျဉ်ကို လိုက်ရေးရတဲ့အတွက်ကြောင့် သူကနည်းနည်းတန်းတာများတယ်။ ဆရာကြီး မောင်သာရရဲ့ ရွှေထီးဆောင်းဆိုလည်းတန်းတန်းပဲသွားတာပဲလေ။ အခု Character-driven ကို ကျွန်တော်ရိုက်ဖြစ်လိုက်တယ်။ ကျွန်တော်စိုးရိမ်တဲ့အတိုင်းတော့ဖြစ်မလာခဲ့ဘူး။ ကျွန်တော်ကတော့ မြင်ထားတာပေါ့နော်။ ငါ့ကို လက်ခံမယ်ဆိုလို့ရှိရင်လည်း စာအရမ်းဖတ်တဲ့ပရိသတ်လောက်ပဲပေါ့။ အခုကတော့ တော်တော်များများလက်ခံကြတယ်။ စာဖတ်တဲ့သူတွေရော၊ စာမဖတ်တဲ့သူတွေရောပေါ့။ တချို့ဆို ၀တ္ထုမဖတ်ဖူးဘူး။ ရုပ်ရှင်မှာမှကြည့်ဖူးတာ။ ဒါပေမဲ့ လက်ခံကြတယ်ဆိုတဲ့အတွက်ကြောင့် ကျွန်တော်တော်တော်လေးဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Character-driven ၀တ္ထုတစ်ပုဒ်ကို ရုပ်ရှင်မှာလည်း ဒီပုံစံအတိုင်းပဲသွားတာဖြစ်တဲ့အတွက် မြန်မာ့ရုပ်ရှင်ကြည့်ပရိသတ်ကိုလည်း အထင်သေးလို့မရဘူး။ သူ့မှာလည်း ထိုက်သင့်တဲ့ အသိဥာဏ်တွေရှိနေပြီ။ ကျွန်တော်ကတော့ ပိုအားရှိသွားတယ်။ နောက်လုပ်မယ့်အလုပ်တွေအတွက်လေ။ ကျွန်တော်တို့ ပရိသတ်က တကယ်ရုပ်ရှင်ကောင်းပြီဆိုရင် သူတို့နားလည်တယ်။ လက်ခံနိုင်စွမ်းလည်းရှိတယ်။ ကျွန်တော်နောက်လုပ်မယ့်အလုပ်တွေအတွက် အားပိုရှိလာတာပေါ့” လို့ ဒါရိုက်တာ ဏကြီးကပြောပါတယ်။

ဒီဘက်နောက်ပိုင်း ဒါရိုက်တာ ဏကြီးအပါအ၀င် လူငယ်ဒါရိုက်တာတွေရဲ့ ရုပ်ရှင်လက်ရာတွေကို ပရိသတ်တွေ တစ်ခဲနက်အားပေးလာကြတယ်။ သူတို့ကလည်း တော်တော်လေးကြိုးစားကြတယ်။ ဆက်လက်ကြိုးစားဖို့လည်း လိုသေးကြောင်းသူကပြောပါတယ်။

“အခု ကျွန်တော်တို့ Industry အရလည်း ရုပ်ရှင်က အားကောင်းလာပြီ။ ရုပ်ရှင်ရုံတွေလည်း များလာပြီ။ နောက်ပြီး ရုပ်ရှင်ကို ရုပ်ရှင်လိုကြည့်တဲ့သူတွေလည်းများလာပြီ။ နောက်ပိုင်းမှာ လူငယ်တွေအတွက် ပြောင်းလဲမှုတွေလည်းရှိလာကြပြီ။ ထူးပိုင်တို့၊ မခရစ်တို့၊ အာကာ၊ အောင်မြတ်၊ ကိုဝင်းလွင်ထက်တို့ စသဖြင့် အခုနောက်ပိုင်းမှာ သေသေချာချာ၊ သေသေသပ်သပ်လေးလုပ်ပြီး ရိုက်လာကြတဲ့သူတွေအများကြီးရှိလာပြီ။ ဒီဘက် industry ထဲက ဒါရိုက်တာတွေလည်း ကောင်းကောင်းလုပ်လာကြပြီ။ ဘာဖြစ်လို့လဲဆိုတော့ သူက ရုံပြိုင်စနစ်ပေါ့။ ရုံပြိုင်စနစ်ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ကားတင်တဲ့အချိန်မှာ သူ့ကားလည်းတင်တယ်။ ဆိုတော့ မကောင်းလို့မရတော့ဘူး။ စိတ်ဆိုးလို့လည်း မရဘူး။ အဲဒီလိုမျိုး ဈေးကွက်စီးပွားရေးစနစ်အရ၊ ပြသမှုစနစ်အရကိုက ရုံပြိုင်စနစ်ဖြစ်လာတယ်။ အဲဒီအတွက်ကြောင့် ကားတွေကောင်းကောင်းအများကြီးထွက်လာမယ်လို့ ကျွန်တော် ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မကောင်းလို့ရှိရင် ရုံတင်ပြသခွင့်လည်းရမှာ မဟုတ်ဘူး။ တစ်ခုနဲ့တစ်ခု တိုက်ပြီး ပြသလို့ရှိရင်လည်း ကိုယ့်ဘက်ထဲကို ပရိသတ်က ၀င်လာမှာမဟုတ်တော့ဘူး။ ဆိုတဲ့အတွက်ကြောင့် နောက်ပိုင်းမှာ ကျွန်တော်မြင်တာကတော့ ရုပ်ရှင်ကားအရမ်းကောင်းကောင်းတွေထွက်လာမယ်။ ပြီးတော့ လူငယ်တွေလည်း အရမ်းကြိုးစားရမယ်။ တော်ရုံတန်ရုံလောက်တော့ အဆင်မပြေလောက်တော့ဘူး။ ဥပမာ-ဒါရိုက်တာဆိုရင်လည်း ဒါရိုက်တာအလျောက်၊ သရုပ်ဆောင်ဆိုရင်လည်း သရုပ်ဆောင်အလျောက် တော်တော်ကြိုးစားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်ရှင်ကားကောင်းကောင်းတွေဖြစ်အောင် ကျွန်တော်တို့ ၀ိုင်းပြီးတော့လုပ်နေကြတဲ့အတွက် တော်ရုံတန်ရုံနဲ့တော့ မဖြစ်လောက်ဘူး။ ပိုပြီးတော့ ကြိုးစားဖို့တော့လိုလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်” လို့ ဒါရိုက်တာ ဏကြီးကပြောပြခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here