ဂေဟာထူထောင်ချင်နေတဲ့ ပရဟိတမင်းသမီး ခိုင်နှင်းဝေ

0
157

လူမှုအကျိုးပြုပရဟိတလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ဆောင်နေတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေက Hope Charity Myanmar Foundation ရဲ့ ၅နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ လူမှုအကျိုးပြု ပရဟိတထူးချွန်ဆု Hope Charity Icon Award ဆုကို ရရှိခဲ့ပါတယ်။ ဆုရလိုစိတ်နဲ့ ပရဟိတတွေကိုလုပ်ဆောင်တာမဟုတ်ပေမယ့်လည်း အခုလိုအသိအမှတ်ပြုခံရတဲ့အတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်ရတယ်လို့ ဆိုတဲ့ ခိုင်နှင်းဝေက… “ဒီဆုနဲ့ဆို ၄ဆုရှိပြီ။ ဆုရတော့ ၀မ်းသာတာပေါ့။ ပျော်လဲ ပျော်တယ်။ အဓိကတော့ ဆုရခြင်းမရခြင်းထက် ပရဟိတသမားတိုင်းက ပေးဆပ်ခြင်းနဲ့ပဲ လုပ်နေကြတာ။ ဒီလိုမျိုးအသိအမှတ်ပြုခံရတော့ ၀မ်းသာတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် မျှော်လင့်ထားတာမဟုတ်ဘူးဆိုပေမယ့်လို့ ကိုယ်က ချွေးနဲ့သွေးနဲ့လုပ်ထားတော့ စိတ်ထဲမှာ ကြည်နူးတာပေါ့။ ဒီလိုမျိုးဆုရသွားတဲ့အခါ ပရိသတ်ကလည်း ပိုပြီးအာရုံစိုက်မယ်။ ဆုတံဆိပ်တွေရတာနဲ့တန်အောင် အလုပ်တွေပိုကြိုးစားပြီးလုပ်ရမယ်။ အနုပညာအလုပ်ကလည်း ၀ါသနာပါတော့ အနုပညာအလုပ်ကိုလည်း မစွန့်လွှတ်နိုင်ဘူး။ အစ်မအသင်းအဖွဲ့ကလည်း ကောင်းတော့ သူတို့ကြောင့်လဲ ရပ်တည်နိုင်တာပါ။” လို့ပြောပါတယ်။ ခိုင်နှင်းဝေက သက်ငယ်မုဒိန်းကျင့်ခံရတဲ့ မိန်းကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေကို ကူညီထောက်ပံ့ပေးလျက်ရှိပြီး နောက်ပိုင်းမှာလဲ ဂေဟာဖွင့်လှစ်ပြီး ကူညီစောင့်ရှောက်ပေးချင်တယ်လို့ ဆိုပါတယ်။    “အစ်မစဉ်းစားထားတာတော့ အချိန်အားဖြင့်တော့ တစ်နှစ်ကျော်ကျော်လောက်စီမံကိန်းက ကြာဦးမှာပေါ့လေ။ အခုလိုမျိုး အိမ်ထောင်စုတွေကိုလိုက်လှူတာထက် တစ်နေရာထဲမှာ စီးပွားရေးတစ်ခုထူထောင်ပြီး စုထားချင်တယ်။ ဆုရပြီးတဲ့နောက်ပိုင်းမှာ တစ်ညလုံးလဲ အိပ်မပျော်ဘူး။ ဥယျာဉ်မှူးက ပျိုးထောင်ပေးလိုက်တဲ့ပန်းလေးတွေကို ကြည့်ပြီး ပီတိဖြစ်ရသလို ကိုယ်အခုလိုမျိုး ပျိုးထောင်ပေးလိုက်တဲ့ အိမ်ထောင်စုတွေ စီးပွားရေးထူထောင်ပေးလိုက်တဲ့ အိမ်ထောင်စုတွေ ကနေပြီး သူတို့ရဲ့ရှင်သန်မှုတွေ၊ တိုးတက်လာမှုတွေကို မြင်ချင်တယ်။ ဂေဟာတည်ထောင်ချင်တယ်။ ဂေဟာအတွက် မြေကွက်ဝယ်မယ်။ တစ်ဖက်မှာ သက်ငယ်မုဒိန်းကြောင့် ခံစားနေရတဲ့ ကလေးတွေထားမယ်။ တချို့ကျတော့ ကလေးမွေးပြီးသွားရင် ကလေးတွေပြန်ယူပြီး ပြန်သွားမယ်။ မယူတဲ့ကလေးတွေကို မွေးထားမယ်။ တဖက်မှာ အဘိုးအဘွားတွေကို စောင့်ရှောက်မယ့်ဂေဟာလေး ထားချင်တယ်။” လို့ သူ့ရဲ့စိတ်ကူးကို ပြောပြခဲ့ပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here