မေမီကအပြင်မှာတော့ တအားချစ်တတ်ပါတယ်မေမီကိုကို

0
722

ပျားရည်အိုင်ဇာတ်လမ်းတွဲမှာ နွယ်သွေးမြိုင်ကာရိုက်တာနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိလာသူက တော့ မေမီကိုကိုပါ။ ပျားရည်အိုင် ဇာတ်လမ်းတွဲမှာနွယ်သွေးမြိုင်ဆို တဲ့ ကာရိုက်တာကို ပီပြင်အောင် ကြိုးစားထားတဲ့ မေမီကိုကိုက…

”အဓိကက အင်္ကျီအပြင်အဆင်၊ မိတ်ကပ်အပြင်အဆင်နဲ့ဆို စိတ် တစ်ဝက် လောက်က အဲဒီဇာတ်ကောင်စရိုက်စဝင်နေပြီ။ ဆရာ ဦးဟိန်းစိုး ကလည်း စိတ်နေစိတ်ထား ကအစ သင်ပေးတယ်။ အသက် ၃ဝ အရွယ်မိန်းမလတ် အဲဒီအရွယ်ရောက်အောင် ဆရာက သေချာ သင်ပေးတယ်။ အင်္ကျီအပြင်အဆင်နဲ့ မိတ်ကပ် ကလည်း မရင့်ရင့်အောင် ပြင်ထားပေးတယ်။ ကိုယ့်စိတ်ကို လည်း နွယ်သွေးမြိုင်ဆိုတဲ့ကာရိုက်တာကိုကြိုပြီးတော့ သေချာပြင်ဆင်ထားတယ်” လို့ ပြောပြခဲ့ပါတယ်။

ပျားရည်အိုင် ရိုက်ကူးရင်းနဲ့ အမှတ်တရရှိခဲ့တဲ့ အကြောင်း ကိုလည်း ”ဒီဇာတ်လမ်း ရိုက်ကူးနေရင်းနဲ့ အမှတ်တရတွေကတော့ အများကြီးပဲ။ နေမကောင်းတဲ့အခန်းကို ရိုက်ကူးတုန်းကဆို အခန်းထဲမှာ အဲယားကွန်း လွှတ်ထားတာ တအားအေးတော့ လက်တွေ၊ ခြေတွေကပ်သွား ဖူးတယ်”လို့ မေမီကိုကိုက ပြောပြပါတယ်။ ဝါရင့်သရုပ်ဆောင်တွေဆီက သင်ယူခဲ့ရ တာတွေကိုလည်း မေမီကိုကိုက…

”ဒီ ဇာတ်ကားမှာ မေမီက ဦးဌေး (ဇင် ဝိုင်း)၊ တီဇာ (မေသဉ္ဇာဦး)နဲ့အဆုံခန်းတွေက ပိုများတယ်။ ဦးဌေး (ဇင်ဝိုင်း) ဆိုစကားပြောရင် အသံနေ၊ အသံထားက ဘယ်လိုထားရတယ်။ ဒီလို ဇာတ်ဝင် ခန်းဆို စကားက ဘယ်လို ပြောရတယ်ဆိုတာကအစ သင်ပေး တယ်။ ပြီးတော့ပရိသတ်တွေကို အနုပညာကို အတုမပေးနဲ့၊ အစစ်ပေး။ တီဇာ (မေသဉ္ဇာဦး) ဆိုလည်း အိုက်တင်၊ အမူအရာတွေ ကအစသင်ပေးတယ်။ တီဇာရဲ့အိုက်တင်တွေတောင် အတုခိုးထားတယ်။ တီဇာရဲ့ သရုပ်ဆောင်မှု ကိုတော့ မမီပါဘူး။ ဝါရင့်သရုပ်ဆောင်တွေနဲ့ တွဲပြီးတော့ သရုပ်ဆောင်ရတဲ့ အတွက်လည်း ဗဟုသုတတွေအများကြီးရတယ်”လို့ ပြောပြခဲ့ပါသေးတယ်။

“ကိုတင်ဖေ (အောင်ရေချမ်း)နဲ့ သရုပ်ဆောင်ရတာလည်း အပေးအယူ တအား မျှတယ်။ အပြင်မှာလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ မောင်နှမတွေလို၊ သူငယ်ချင်း တွေလိုမျိုးပဲ။ သူလည်း ဒီဇာတ်ကားမှာ တအားကြိုးစားထား တယ်။ ဒီဇာတ်လမ်းတွဲက နွယ်သွေးမြိုင်တစ်ယောက်တည်းကောင်းလို့ ပရိသတ်တွေက သဘောကျ ကြိုက်နှစ်သက်ကြတာမဟုတ်ဘူး။ ပါဝင်ထားတဲ့ အနုပညာညီ အစ်ကို မောင်နှမတွေ အားလုံးတော်လို့ အားပေးကျတာပါ”လို့ လည်း ပြောပြပါသေးတယ်။

ဗီလိန် ကာရိုက်တာကို သရုပ်ဆောင်ရတာ ဖြစ်တဲ့ အတွက် ပရိသတ်တွေမုန်းသွားမှာ မစိုးရိမ်ပါဘူးဆိုတာကိုလည်း မေမီကိုကိုက ”ပရိသတ်တွေက အစတုန်းက ဒီကာရိုက်တာကို သရုပ် ဆောင်တုန်းက မုန်းသွားမှာ စိုးရိမ်သေးတယ်။ အခုခေတ် ပရိသတ် တွေက သူတို့မုန်းသွားလည်း ဇာတ်ရုပ်ကိုပဲ မုန်းသွား တာဆိုတော့ ပြဿနာတော့မရှိဘူး။ နောက်ထပ် မေမီ့ကို သနားစရာကောင်းတဲ့ ဇာတ်ရုပ်လေး တွေနဲ့လည်း တွေ့ရဦးမှာဆိုတော့ မျှ ပြီးကြည့် ပေးကြပါ”လို့ ပြောပြခဲ့ပါသေးတယ်။ ဇာတ်ကောင် ကာရိုက်တာနဲ့ အပြင်ပုံစံ နဲ့မတူတာ ကိုလည်း ”အပြင်မှာတော့ မေမီက တအားချစ်တတ်ပါတယ်။ ဇာတ်လမ်းတွဲထဲက လို တော့မဟုတ်ဘူး။ ဇာတ်လမ်းတွဲထဲက နွယ်သွေးမြိုင်က သူများ ယောက်ကျားကို ယူထားတာလေ။ အပြင်မှဆိုရင် ကောင်လေးတစ်ယောက် ရည်းစား ရှိရင်တောင် မေမီက စိတ်မဝင်စားတော့ဘူး။ မေမီကို တအားမမုန်းကြပါနဲ့။ မေမီကတအားချစ်တတ်ပါတယ်” လို့ မေမီကိုကိုက ပြောပြခဲ့ပါသေးတယ်။

 

 

ခိုင်ဝါဝင်း

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here