LGBT ကသရုပ်ဆောင်လုပ်တော့ ထုံးစံအတိုင်း Page တွေပေါ်မှာ ဆဲကြတာပေါ့ မထက် (Pop-Soul)

0
220

စိုးရိမ်ပူပန်မှုတွေ၊ အဆင်မှပြေပါ့မလားဆိုတဲ့ စိတ်တွေ၊ စိတ်လှုပ်ရှားမှုတွေနဲ့ “ကျားကျားကြိုက်ကြိုက်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မိတ်ကပ် ပညာရှင် မထက် (Pop-Soul)က စတင်ရိုက်ကူးလို့ နေပါပြီ။ တခြားသူတွေမဟုတ်ပဲ LGBT တွေဖြစ်နေတာကြောင့်လည်း လူစိတ်ဝင်စားမှုရှိသလို တစ်ဖက်မှာလည်း ဝေဖန်တိုက်ခိုက်ဖို့က အဆင်သင့်ရှိနေတာတွေကြောင့်လည်း မထက်စိုးရိမ်နေတာ ဖြစ်မှာပါ။ ဒါရိုက်တာကလည်း အားပေးသလို တွဲဖက်သရုပ်ဆောင်ရတဲ့ မင်းသားတွေကလည်း အကောင်းဆုံး ကူညီပံ့ပိုးပေးတဲ့အတွက် ပထမဦးဆုံး ဆင်း(န်)တွေမှာ အဆင်ပြေနေပါတယ်လို့ သူမက ဆက်လက်ဆိုပါတယ်။

“ဝေဖန်မှုကတော့ မျိုးစုံးပေါ့လေ။ ထုံးစံအတိုင်း Page တွေပေါ်မှာတော့ ဆဲကြတာပဲပေါ့။ မထက်တို့ ရိုက်ကြပြီဆိုတော့လည်း တချို့ LGBT အသိုင်းအဝိုင်းတွေကလည်း တစ်ခုခုအမှားအယွင်း ဖြစ်မှာစိုးကြတာမျိုးတွေရှိတယ်လို့ ကြားရတဲ့အခါကျတော့လည်း စိတ်မကောင်းဖြစ်သလို ပိုကြိုးစားရမယ်ဆိုတဲ့ အပိုင်းတွေ၊ LGBT အသိုင်းအဝိုင်းအတွက်လည်း မျက်နှာမပျက်ရအောင် ကြိုးစားရမယ်ဆိုတဲ့ စိတ်လေးလည်း မွေးထားပါတယ်” လို့ မထက်က ပြောပါတယ်။

အတူပါဝင်သရုပ်ဆောင်ရမယ့် မင်းမော်ကွန်းနဲ့ မြင့်မြတ်တို့ကို အရင်ကတည်းက အားပေးခဲ့တာလားလို့ မထက်ကို မေးတော့ . . . “ဟုတ်တယ် (ရယ်လျက်)။ ကိုမင်းမော်ကွန်းဆိုရင် ကလေးကတည်းက ကြိုက်တာလေ။ ကိုယ်က ၇တန်း ၈တန်းကတည်းက ကြိုက်တာ။ သူက အဲ့ဒီ့အချိန်တုန်းက တက္ကသိုလ်တောင် မတက်ရသေးဘူးထင်တယ်။ သူက ငယ်ငယ်လေးနဲ့ မင်းသားဖြစ်တာ။ အရူးအမူးပဲ။ အရမ်းကြိုက်တာ။ အခုလို ဆုံရမယ်ဆိုတော့ အရမ်းရင်ခုန်တယ်။ ကိုမြင့်မြတ်ဆိုတာကလည်း တကယ့်နာမည်ကြီး Actor။ ပြီးတော့ ကိုယ်တွေ အရမ်း အားပေးတဲ့မင်းသား။ တကယ့်မမျှော်လင့်ထားတဲ့ အိပ်မက်တစ်ခုလိုပါပဲ” လို့ ပြောာပြခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here