အကယ်ဒမီပွဲနီးလာပေမယ့် အေးဆေးပါပဲ အိချောပို

0
341

အမြဲတမ်း ရိုးရိုးလေးနဲ့သာ အတွေ့များသော အိချောပိုက ဒီဇိုင်နာ မပုံ့ရဲ့ Zoey ဆိုင်ဖွင့်​ပွဲမှာ Fashion တစ်မျိုးနဲ့ အမြင်ဆန်းနေ တာကို ပရိသတ်ကြီးတွေ့ရမှာပါ။ Fashion အသစ်နဲ့ တစ်မျိုးလေး လှနေတာကို အိချောပိုက ”မပုံ့ရဲ့ခြောက်​မိုင်​ခွဲမှာရှိတဲ့ Zoey ဆိုင်သစ်​ဖွင့်​ပွဲမှာ မပုံ့က စီစဉ်ပေးထားတဲ့ ဒီဇိုင်းလေး နဲ့ပွဲတက်ရမယ်​ဆိုလို့ ဝတ်ဆင်​ဖြစ်တာပါ။ အိချောကတော့ ဒီလိုပုံစံမျိုး ဝတ်နေကျတော့ မရှိဘူး။ ဝတ်လေ့လည်း မရှိဘူး။ ဒါပေမယ့်​ ဖိတ်စာထဲမှာလည်း ဒီပုံစံလေး ဝတ်ဆင်ရမယ်​ဆိုလို့ အိချော ဝတ်ဆင်​ဖြစ်တာပါ”လို့ ပြောပြပါတယ်​။ Fashion နဲ့ပတ်သက်ရင် ရှုပ်ယှက်ခက်နေတဲ့ ပုံစံမျိုးက အိချောနဲ့ မလိုက်ဖက်ဘူးဆိုတာကိုလည်း ”အိချောက တအားရှုပ်တဲ့ ဒီဇိုင်းဆို မလိုက်ဘူး။ ဝတ်ခဲတယ်။ ဒါပေမယ့်​ တစ်ခါတစ်လေကျတော့လည်း ဒီဇိုင်နာတွေ၊ စတိုင်လစ်တွေက ဝတ်ရမယ်​ဆိုဝတ်​ဆင်​ဖြစ်​တယ်​။ အိချောကို မြန်​မာဝတ်​စုံနဲ့ ပိုလိုက်​တယ်​လို့လည်း ပရိသတ်​တွေတော်​တော်​များများက ပြောကြတယ်​။အိ ချောက ရိုးရိုးလေးတွေဝတ်​ရတာ ကြိုက်တယ်။ Free Style တွေ ဝတ်​ရတာ ပိုကြိုက်​တယ်​”လို့လည်း အိ ချောပိုက ပြောပြပါတယ်။

၂ဝ၁၉ ထဲမှာ အိချောကတော့ ကိုယ်ရိုက်တဲ့ ဇာတ်ကားထဲမှာ ကာရိုက်တာအရ လိုက်ဖက်ညီအောင်​ဝတ်ဆင်ဖြစ်မယ်။ သရုပ်ဆောင်​ဆိုတာကတော့ ဘယ်အရာမဆို ဝတ်ဆင်​ရမှာပဲလေ။ ကိုယ်နဲ့ လိုက်​ဖက်မှုရှိတာ၊ မရှိတာက တစ်ခဏပါလို့လည်း သရုပ်ဆောင်​တစ်ယောက်ဖြစ်တဲ့အတွက်​ အဝတ်အစားရွေးနေလို့ မရဘူးဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ စတိုင်လစ်တွေ ပေါ်လာတဲ့အတွက်​သရုပ်ဆောင်ပိုင်းကို ပိုပြီးအားစိုက်ပြီး လုပ်သွားနိုင်တယ်​ဆိုတာကိုလည်း အိချောတို့ သရုပ်​ဆောင်တွေက တစ်ခါတစ်လေကျရင် သရုပ်ဆောင်ပိုင်းကိုပဲ စိတ်ထည့်ချင်တယ်လေ။ စတိုင်လစ်တွေမရှိတုန်းကဆို သရုပ်ဆောင်​အပိုင်းရော၊ အဝတ်အစားအပိုင်းရော၊ မိတ်ကပ်ရော တစ်ယောက်တည်းပဲ အကုန်လုံး စဉ်းစားရတယ်။ အခုလိုမျိုး စတိုင်လစ်တွေပေါ်လာတဲ့ အခါကျတော့ အိချောတို့အတွက်​ သက်သာတယ်။ သရုပ်ဆောင်ပိုင်းကို အပြည့်အဝ ပိုပြီးအာရုံစိုက်လို့ရတယ်”လို့ ပြောပြခဲ့ပါတယ်။ အကယ်ဒမီပွဲနဲ့ ပတ်သက်​ပြီးတော့လည်း အိ ချောပိုက ”အကယ်ဒမီပွဲက နီးလာပြီဆိုပေမယ့်​ အိချောကတော့ အေးဆေးပါပဲ။ ကိုယ်ပါဝင်ထားတဲ့ ဇာတ်ကားလေးတွေကိုလည်း အတတ်နိုင်ဆုံးကြိုးစားထားတယ်။ တခြားအနုပညာရှင် ကိုယ့်ရဲ့အစ်ကိုတွေ၊ အစ်မတွေအတွက်လည်း ရင်ခုန်ပေးနေပါတယ်​”လို့ ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း၊၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here