ရွှေမန်းဆီသို့ သီချင်းသံကို ကြားရင် ဒေါ်စိမ်းစိမ်းကို သတိရပါ

0
116


”ရွှေမန်းဆီသို့ တစ်ခါတစ်ခေါက်ပင် ရောက်စေချင်သည်”ဆိုတဲ့ သီချင်းလေးကို အဖွားစိမ်းက တိုးတိုးလေး ညည်းဆိုနေသည်။ အသက် အရွယ်ကြီးရင့်လာပြီဖြစ်တဲ့အတွက် သီချင်းတစ်ပုဒ်လုံးကိုတော့ အဖွား စိမ်း မဆိုနိုင်တော့ပါဘူး။ သူ့စိတ်ထဲမှာ တင်ကျန် ရစ်နေတဲ့ သီချင်းအပုဒ်လေးကိုသာ အဖွားစိမ်း တိုးတိုးလေး ညည်းနိုင်တော့သည်။ မန္တလေးသူ တစ်ယောက်ဖြစ်တဲ့ အဖွားစိမ်းအတွက်တော့ ရွှေမန်းဆီသို့ သီချင်းဟာ သူ့အတွက်တော့ အမြတ်တနိုး တန်ဖိုးထားစရာ သီချင်း တစ်ပုဒ်ဖြစ်ခဲ့သည်။ ဒီသီချင်းဟာ အဖွားစိမ်းအတွက် ဂုဏ်ယူစရာဖြစ် ခဲ့သလို မန္တလေးသူ၊ မန္တလေးသား တွေအတွက်လည်း ဘယ်တော့မှ မမေ့နိုင်တော့မယ့် သီချင်းတစ်ပုဒ် လည်း ဖြစ်လေသည်။ အဖွားစိမ်းဟာ သူသိပ်ချစ်တဲ့ မန္တလေး မြေကို စွန့်ခဲ့ရ ပြီး ရန်ကုန်မြို့ရှိ အနုပညာဆည်း ဆာရိပ်ဘိုးဘွားရိပ်သာမှာ နေထိုင်ခဲ့ သည်။ အနုပညာဆည်းဆာရိပ်ဘိုး ဘွားရိပ်မှ လှတောဆရာတော်က လည်း အဖွားစိမ်းကို လိုလေသေးမရှိ ကြည့်ရှုစောင့်ရှောက်ခဲ့သည်။ အဖွား စိမ်းကို တရားဓမ္မတွေနဲ့ စိတ်နှလုံး အေးချမ်းရအောင် ထားခဲ့သည်။ ဒီ့အပြင်တော့ သီချင်းသံတွေနဲ့လည်း အဖွားစိမ်းကို နုပျိုစေခဲ့သည်။ အဖွားစိမ်းရဲ့ ရင်ထဲမှာ ဇာတိမြေမန်္တလေးကို လွမ်းစိတ်တွေကို ဆရာတော်က အတတ်နိုင်ဆုံး ဖြေ ဖျောက်ပေးခဲ့သည်။ ဒါကြောင့်လည်း အဖွားစိမ်းဟာ အနုပညာ ဆည်းဆာရိပ်မှာ ဘ၀ရဲ့ နောက်ဆုံးချိန်ကို ကုန်ဆုံးစေခဲ့သည်။ မေလ ၅ ရက်နေ့ည ၇ နာရီအချိန်မှာ အဖွားစိမ်းဟာ အနုပညာ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ ကွယ်လွန်ခဲ့ပြီဖြစ်သည်။ ကွယ် လွန်ချိန်မှာတော့ အဖွားစိမ်းဟာ အသက် ၈၆ နှစ်ရှိခဲ့ ပြီဖြစ်ပါတယ်။ အဖွားစိမ်းရဲ့ နောက်ဆုံးခရီးကိုတော့ အနုပညာမောင်နှမတွေ၊ အဖွားစိမ်းကို ချစ်ကြတဲ့သူတွေ အားလုံးက လိုက်လံပို့ဆောင်ပေးခဲ့ ကြသည်။

အစဉ်ဆက်ငြိမ်းအေးသောဌာနမှာ ထာဝရနားခိုအိပ်နိုင်ပါ စေလို့ အဖွားစိမ်းအတွက် လှတောဆရာတော်က မိန့်ကြားပေးခဲ့ သည်။ အဖွားစိမ်းဟာ ဂန္တ၀င်အဆိုတော်ကြီး တစ်ဦးဖြစ်သည်နဲ့အညီ လူငယ်၊ လူကြီး အဆိုတော်တွေ အားလုံးကလည်း လေးစားချစ်ခင် ကြသည်။ အဖွားစိမ်းကို အမြဲဖေးမကူညီပေးခဲ့ကြသည်။

”အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ ဘုန်းဘုန်းဦးလှတောရဲ့ မေတ္တာရိပ်မှာ ဦးချရင်း မေတ္တာစိတ်တွေနဲ့အတူ ကောင်းရာဘုံဘ၀မှာ ဖွားဖွားသာဓုခေါ်ဆိုနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဖွားဖွားသီဆိုခဲ့တဲ့ ရွှေမန်းဆီသို့ တေးသီချင်းကိုလည်း အမြဲသတိရနေမှာပါ”လို့ အဆိုတော် အိအိချွန်က အဖွားစိမ်းအတွက် အောက်မေ့ဖွယ် စကား ဆိုခဲ့သည်။ အဖွားစိမ်းရဲ့ ရက်လည်ဆွမ်းကြွေးကိုတော့ မေလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သည်။ စိတ်ထားကောင်းမွန်လှပြီး အမြဲပြုံးနေ တတ်တဲ့ အဖွားဒေါ်စိမ်းစိမ်းဟာ ကောင်းရာဘုံဌာနကိုရောက် ရှိနေမှာပါ။ အဖွားစိမ်းသီဆိုခဲ့တဲ့ ရွှေ မန်းဆီ …သို့ သီချင်းသံက တော့ အမြဲပျံ့လွှင့်နေဦးမှာပါပဲ။

လင်းအက္ခရာ
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here