မိုးရာသီဖျော်ဖြေပွဲ ၅ နှစ်ပြည့်ပွဲမှာလည်း အနုပညာအင်အား မလျော့စေရဘူးလို့ အာမခံလိုက်တဲ့ တင်မောင်ဆန်းမင်းဝင်း

0
136


မျှော်စင်ကျွန်း မိုးရာသီ ဖျော်ဖြေပွဲကိုတော့ ဇူလိုင်လထဲမှာ ပြုလုပ်သွားဖို့ စီစဉ်နေကြောင်း တင်မောင် ဆန်း မင်းဝင်းက ပြောပါတယ်။ အခုနှစ်နဲ့ဆိုရင် မိုးရာသီ ဖျော်ဖြေပွဲက ၅ နှစ်ပြည့်မြောက်ပြီပဲဖြစ်ပါတယ်။ တင် မောင်ဆန်းမင်းဝင်းတို့အနေနဲ့လည်း တစ်နှစ်ထက် တစ်နှစ်ပွဲဖြစ်မြောက်ဖို့ ရုန်းကန်ရတဲ့အနေအထားတွေက ပိုများလာခဲ့ပါတယ်။ ငွေကြေးထက် အနုပညာကိုသာ ချပြချင်တဲ့ ပွဲဖြစ်တဲ့အတွက် သူတို့အနေနဲ့ ပိုလို့ရုန်းကန် ရတာပဲဖြစ်ပါတယ်။ အနုပညာနဲ့ ပတ်သက်လို့လည်း တစ်နှစ်ထက် တစ်နှစ်မတူအောင်တင်ဆက်ဖို့ သူ့ အနေနဲ့လည်း ကြိုးစားခဲ့ပါတယ်။

”အနုပညာအင်အားကတော့ မကျစေရပါဘူး။ ကျွန်တော်ဆက် ကြိုးစားသွားမှာပါ။ မကျခဲ့လို့လည်း ပရိသတ်တွေက ကျွန်တော်တို့ကို အားပေးတာပေါ့လေ။ ကျွန်တော့် အနေနဲ့လည်း ငွေရှိလို့ထလုပ်တာမျိုးမဟုတ် ပါဘူး။ စပွန်ဆာများများ ရရင်တော့ ပိုအဆင်ပြေတာ ပေါ့နော်။အမှန်အတိုင်းပြောရရင် ဘယ်သူမှ အရူးထပြီး မိုးတွင်းမှမကကြဘူးလေ။ ဘာဖြစ်လို့လည်းဆိုတော့ မိုး တွင်း ကာလက ဇာတ်နားတဲ့ကာလလေ။ သို့သော်ငြားလည်း ဘာလို့ကတာလဲဆိုတော့ ပရိသတ်တွေအတွက်ကို ကတာလို့ပဲ ကျွန်တော်က သတ်မှတ်တာပါ။ နေရာကလည်း ကျယ်တယ်လေ။ ပြီးတော့ ဖေဖေတို့ လက်ထက်က ပရိသတ်တွေ ဖိုးဖိုးတို့ လက် ထက်က ပရိသတ်တွေဒီခေတ်မှာ ဇာတ်ကြည့်ချင်တယ်ဆိုရင် ဘယ်နားသွားကြည့်မလဲ။ ပြီးတော့ရွှေမန်းတင်မောင်မျိုးဆက် ဘယ်သူရှိမလဲဆိုတာ သိဦးပါ့မလား။ အဲဒါတွေကို အဖက်ဖက်က စဉ်းစားပြီးတော့ မိုးရာသီပွဲမှာ ထိုင်ခုံနဲ့ ကြည့်နိုင်တဲ့ အခြေအနေ ကို ကျွန်တော် စီစဉ်ခဲ့တာပါ”လို့ ပွဲနဲ့ပတ်သက်လို့ တင်မောင်ဆန်းမင်း ၀င်းက ပြောပါတယ်။

ငွေကြေးအတွက် ကပြတဲ့ပွဲမဟုတ်ဘဲ အနုပညာကိုသာအလေး ထားတင်ဆက်တဲ့ပွဲဖြစ် တာကြောင့် ရွှေမန်းသဘင်ရဲ့ တင်ဆက်မှုတွေကို မိုးရာသီဖျော်ဖြေပွဲမှာ တွေ့ မြင်ရမှာ ပဲဖြစ်ပါတယ်။ မိုးရာသီဖျော်ဖြေပွဲ ၄ နှစ်ပြည့်ပွဲမှာတော့ ဇာတ်ရုံအဖွင့်ကို ရွှေတံခါးကြီးနဲ့ ဖွင့်ခဲ့တာကလည်း ထူးခြားမှုတစ် ခုဖြစ်စေခဲ့ပါတယ်။ အခုနှစ်မှာလည်း အရင်နှစ်တွေတုန်း ကလိုပဲ ဆန်းသစ်မှုတစ်ခုဖြစ်စေရအောင် လုပ်ဆောင်သွားမယ်လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

”ဆန်းသစ်မှုက အကပိုင်းမှာပဲ ဆန်းသစ်မှာလားပေါ့။ ရုံအနေ အထားမှာတော့ ဒီ့ထက်ဆန်းသစ်လို့ မရတော့ဘူး။ ဒါပေမဲ့လည်း ပြောလို့ တော့ မရသေးဘူး။ အိုက်ဒီယာပေါ် လာရင်လည်း တစ်ခုခုပေါ့လေ။ ကြိုပြီးတော့ မပြောချင်လို့ပါ။ ပရိသတ်တွေကို Surprise ဖြစ်စေ ချင်လို့ပါ။ ပါဖော်မန့်စ်ပိုင်းမှာတော့ ဘာတွေပြမယ်ဆိုတာ ကျွန်တော် စဉ်းစားထားပြီးပါပြီ။ အဓိကတော့ နောက်ပိုင်းကဏ္ဍကို ကျွန်တော် ကိုယ်တိုင်လည်း ကျင့်ပါတယ်။ မင်းသားတစ်ယောက်ရဲ့ ပညာမျိုးရှိတဲ့ ပုဂိ္ဂလ်မျိုးကိုလည်း ကျွန်တော်ဖိတ်ခေါ်သွားမယ်။ နောက်ပိုင်းမှာ သိပ်ကောင်းတဲ့ဆရာကြီးတွေ အများကြီးရှိတယ်။ သူတို့ကို ခေါ်ကမယ်။ သူတို့ရဲ့ပညာတွေကို နှမြောလို့”လို့ မိုးရာသီပွဲမှာ ဖျော်ဖြေတင်ဆက် သွားမယ့် အကြောင်းအရာနဲ့ ပတ်သက်လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

အဘိုးဖြစ်သူ ရွှေမန်းတင်မောင်ရဲ့ ဇာတ်ထုတ်တွေကို ပြန်လည်ကပြ တဲ့အခါမှာတော့ အဖိုးကခဲ့တုန်းကနဲ့ မတူတော့ဘူးဆိုတာကိုတော့ ပြော ထားချင်ပါကြောင်း ဘာကြောင့်လဲဆိုတော့ ကပြရတဲ့အချိန်နည်းတာ ကြောင့်လည်းပါတာကြောင့် သူ့ကိုပရိသတ်တွေအနေနဲ့ အပြစ်မမြင်ပါနဲ့ လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here