သြစတြီးယားနိုင်ငံ ဆေးရုံတစ်ရုံတွင် သက်ကြီးလူနာတစ်ဦး၏ ခြေထောက်တစ်ဖက်အား မှားယွင်းဖြတ်တောက်မိ

0
126
ဖရီစတက်(သြစတြီးယား)၊ မေ ၂၃
သြစတြီးယားနိုင်ငံ ဖရီစတက်မြို့ (Freistadt)ရှိ ဆေးရုံတစ်ရုံတွင် သက်ကြီး လူနာတစ်ဦး၏ ခြေထောက် တစ်ဖက်အား မှားယွင်းဖြတ်တောက်မှု ဖြစ်ပွားခဲ့သည်။
အသက် ၈၂ နှစ်အရွယ်ရှိ အဖိုးအို တစ်ဦးသည် နာမကျန်းဖြစ်နေခြင်းကြောင့် အဆိုပါ ဆေးရုံသို့လာရောက်ပြသခဲ့ရာ၊ ကိုက်ခဲနာကျင်ကာ ရောဂါဖြစ်ပွားနေသော လက်ဝဲဖက်ခြေထောက်ကို ဖြတ်ရမည့်အစား လက်ယာဖက်ခြေထောက်ကို မှားယွင်းဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့မှားယွင်းဖြတ်တောက်မှု ပြီးစီးသည်နှင့် မကြာမီတွင်ပင် မိမိတို့ မှားသွားပြီဖြစ်ကြောင်းကို သိကြသည်ဆို၏။ အဘယ်ကြောင့်ဆိုသော် ကျန်နေသေးသော ခြေထောက်တွင် ဖြတ်တောက်ရန် အမှတ်အသား လုပ်ထားသည်ကို တွေ့လိုက်ကြရသောကြောင့်ပင်။
ထိုသို့ မှားယွင်းဖြတ်တောက်မိသည့် အတွက် မိမိတို့ဆေးရုံ အနေဖြင့် အထူးတုန်လှုပ်မိကြောင်း၊ စုံစမ်းစစ်ဆေးမှု များပြုလုပ်ပြီး ထိုက်သင့်သည့် အရေးယူမှုများကိုလည်းပြုလုပ် သွားမည်ဖြစ်ကြောင်း၊ အများပြည်သူကိုလည်း အထူးတောင်းပန်ပါကြောင်း ဆေးရုံမှ ပြောကြားခဲ့သည်။
သို့ရာတွင် ရောဂါဖြစ်ပွားနေသည့် လက်ဝဲဖက်ခြေထောက်ကိုလည်း ပေါင်လယ်နေရာမှ ထပ်မံဖြတ်တောက် ကုသရဦးမည်ဖြစ်ကြောင်းနှင့် အမြန်ဆုံးဖြတ်တောက်ကုသမည်ဖြစ်ကြောင်းသိရသည်။
Ref: Elderly man has wrong leg amputated at Austrian clinic
Photo: CHRISTOF STACHE/AFP via Getty Images

 


LEAVE A REPLY

Please enter your comment!
Please enter your name here