အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိ

0
99
(နေပြည်တော်၊ မေ ၂၄)
ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့ လျားမည့် အခြေအနေ မရှိသဖြင့် အဝါရောင်အဆင့် အဖြစ် သတ်မှတ်ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၁ ခုနှစ်၊ မေလ(၂၄)ရက်နေ့ မြန်မာစံတော်ချိန်(၀၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယနေ့မြန်မာစံတော်ချိန် (၀၃:၃၀)နာရီ အချိန်တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်း လာကာ အားကောင်းသော မုန်တိုင်းငယ် (Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း (Coco Island)မြို့၏ အနောက်မြောက်ဘက် ရေမိုင်(၂၅၀)မိုင်ခန့်၊ ပုသိမ်(Pathein) မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၂၉၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ် (Paradip)မြို့၏ အရှေ့တောင်ဘက် ရေမိုင်(၂၉၀) မိုင်ခန့်နှင့် ဒီဂါ(Digha)မြို့၏ တောင်- အရှေ့တောင်ဘက် ရေမိုင် (၃၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression) သည် မြောက်-အနောက်မြောက်ဘက်သို့ ဖြည်းညင်းစွာရွေ့လျားပြီး၊ ပိုမို အားကောင်း လာကာနောက်(၁၂)နာရီ အတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic strom)အဖြစ်သို့ လည်းကောင်း၊ နောက်(၃၆)နာရီ အတွင်းအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)အဖြစ်သို့ လည်းကောင်းရောက်ရှိနိုင်သည် ဟုခန့်မှန်း ထားသည်။
အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၄၈)နာရီ အတွင်းပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကာ၊ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်ကြောင်းကိုလည်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့် အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ် ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မြနလမာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးနှိုးဆော်ထားသည်။
Ref: မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


LEAVE A REPLY

Please enter your comment!
Please enter your name here