ဓာတုပစ္စည်းများ တင်ဆောင်လာသော ကုန်တင်သင်္ဘောတစ်စီး ကိုလံဘိုဆိပ်ကမ်း အနီးတွင် မီးလောင်

0
78

(ကိုလံဘို၊ မေ ၂၆)

စင်္ကာပူနိုင်ငံ အလံလွှင့်ထူထားသော MV X-PRESS PEARL အမည်ရှိ ကုန်တင်သင်္ဘောတစ်စီးသည် သီရိလင်္ကာနိုင်ငံ ကိုလံဘို ဆိပ်ကမ်းအလွန် ရေပြင်ထဲတွင် ယမန်နေ့က မီးလောင်ခဲ့သဖြင့် သင်္ဘောသား ၂၅ ဦးကို ကယ်တင်ခဲ့ရကြောင်း ယင်းဆိပ်ကမ်း တာဝန်ရှိသူများက ပြောကြားသည်။ သင်္ဘောပေါ်မှ ပေါက်ကွဲမှုများကိုလည်း ကြားရကြောင်းဆိုသည်။

အဆိုပါသင်္ဘောသည် နိုက်ထရစ်အက်ဆစ် ၂၅ တန်အပါအဝင် ကွန်တိန်နာသေတ္တာ ၁၄၆၈ ခုကို တင်ဆောင်ထားပြီး၊ အခြား ဓာတု ပစ္စည်းများနှင့် အလှကုန် ပစ္စည်းများကိုလည်း တင်ဆောင်ထားကာ အိန္ဒိယနိုင်ငံ ဟာဇီရာဆိပ်ကမ်းမှ မေလ ၁၅ ရက်နေ့က ထွက်ခွာ လာခြင်းဖြစ်ကြောင်း သီရိလင်္ကာရေတပ်ကဆိုသည်။

သင်္ဘောသည် မေလ ၂၀ ရက်တွင် ကိုလံဘိုဆိပ်ကမ်းအနီး သို့ရောက်ရှိလာစဉ် ထိုသို့ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ သီရိလင်္ကာရေတပ်မှ သင်္ဘောများက မီးကို ကူညီငြိမ်းသတ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မီးငြိမ်းသတ်ပြီးချိန် အင်္ဂါနေ့နံနက်ပိုင်းတွင် သိရသော သတင်းအရ ယင်းသင်္ဘောပေါ်မှ ကွန်တိန်နာသေတ္တာ ၈ လုံး ပင်လယ်ထဲ သို့ပြုတ်ကျခဲ့ကြောင်း သီရိလင်္ကာ ရေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအာဏာပိုင်အဖွဲ့ကပြောကြားသည်။

ကယ်ဆယ်လိုက်သော သင်္ဘောသား ၂၅ ဦးအနက် ဒဏ်ရာရရှိသော အိန္ဒိယနိုင်ငံသား သင်္ဘောသား ၂ ဦးကို ဆေးရုံသို့ ပို့ဆောင် ကုသထားကြောင်းသိရသည်။

သင်္ဘောသားများမှာ ဖိလစ်ပိုင်၊ တရုတ်၊ အိန္ဒိယနှင့် ရုရှားနိုင်ငံသားများဖြစ်ကြသည်။

သီရိလင်္ကာလေတပ်မှ Bell-212 ရဟတ်ယာဉ်တစ်စီးဖြင့် သင်္ဘောအား အန္တရာယ်ကင်းစေမည့် ဓာတုဆေးမှုန့်များဖြူးပေးခဲ့သည်။

ဓာတုပစ္စည်းများတင်ဆောင်လာသောသင်္ဘောဖြစ်သောကြောင့် ယင်းသင်္ဘောမှ ပြုတ်ကျ၍ ရေထဲတွင်မျောနေသော အရာများကို မသိနားမလည်ပဲ မကိုင်တွယ်ကြရန်ကိုလည်း သက်ဆိုင်ရာက သတိပေးချက်ထုတ်ပြန်ထားသည်။

Ref: Sri Lanka rescues foreign crew from burning cargo ship
Photo: PTI

See Less


LEAVE A REPLY

Please enter your comment!
Please enter your name here