နေပြည်တော်တွင် ယခုနှစ်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၅ ဦးထိရှိလာ

0
142

နေပြည်တော် ဇူလိုင် ၆

နေပြည်တော် ပြည်ထောင်စုနယိမြေတွင် Covid-19 ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ယခု ၂၀၂၁ ခုနှစ်တွင် ၅ ဦးထပ်မံသေဆုံးမှု ရှိထားကြောင်း နေပြည်တော် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နေပြည်တော်တွင် Covid-19 ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းမှာ ဒေသတွင် းကူးစက်မှုအနေဖြင့် ပိုမိုမြင့်တက်လာလျက် ရှိနေပြီး ကိုဗစ်စတင်ဖြစ်ပွားချိန် ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစ၍ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ထိတွင် ပိုးတွေ့လူနာဦးရေစုစုပေါင်း ၂၁၂၇ ဦးထိ ရှိလာနေပြီး သေဆုံးသူ မှာလည်း ၁၂ ဦးထိ ရှိထားပြီဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလရက်ထိ ကိုဗစ် ဒုတိယလှိုင်းတွင် နေပြည်တော်တွင် ကိုဗစ်ရောဂါ ကူးစက်ခံရပြီး သေဆုံးသူဦးရေမှာ ၇ ဦးသာ ရှိခဲ့ရာမှ ယခု ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ ၃ ရက်နေ့ထိ ကိုဗစ်တတိယလှိုင်းဖြစ်ပွားမှုတွင် နောက်ထပ်လူနာ ၅ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ဒီနှစ်ထဲမှာပဲ ကိုဗစ်ရောဂါကြောင့် သေဆုံးသူက ၅ ဦးရှိလာပါပြီ။ ပိုးကူးစက်ခံရသူအရေအတွက်ကလဲ မနှစ်ကထက် ဦးရေ ၁၂၀၀ ကျော် မြင့်တက်လာပါတယ်။ နေပြည်တော်မှာက ပြည်ပပြန်တွေကိုလဲ Quarantine ထားပေမဲ့ အခုဒီနှစ်ထဲမှာတွေ့ရတာက ဒေသတွင်းကူးစက်ဖြစ်ပွားမှုတွေလို့ မှတ်ချက်ပြုလို့ရပါတယ်။ ဒီနေ့ နေ့ခင်းပိုင်းထိတော့ ထူးခြားတဲ့ case မရှိ​သးပါဘူး” ဟု နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

နေပြည်တော်ပြည်ထောင်စုနယိမြေတွင် ကိုဗစ်စတင်ဖြစ်ပွားချိန် ပြီးခဲ့သည့်နှစ် မတ်လပိုင်းမှစ၍ ယခုနှစ် ဇူလိုင်လ ၃ ရက်နေ့ထိ စာရင်းအရ Covid-19 ပိုးတွေ့ရှိမှုအနေဖြင့် ဇမ္ဗူသီရိမြို့နယ်တွင် ၆၇၀ ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် ၅၀ ဦး၊ ဥတ္တရသီရိမြို့နယ်တွင် ၄၈ ဦး၊ ပုဗ္ဗသီရိမြို့နယ်တွင် ၁၄၂ ဦး၊ ဇေယျာသီရိမြို့နယ်တွင် ၆၅၀ ဦး၊ ပျဉ်းမနားမြို့နယ်တွင် ၂၁၃ ဦး၊ လယ်ဝေးမြို့နယ်တွင် ၁၂၆ ဦး၊ တပ်ကုန်းမြို့နယ်တွင် ၆၀ ဦး၊ နေပြည်တော်နယ်မြေပြင်ပမှဝင်လာသူများထံမှ ၁၆၈ ဦး စုစုပေါင်း ၂၁၂၇ ဦးတို့ဖြစ်ကြ ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊ မတ်လပိုင်းမှ ဒီဇင်ဘာလကုန် ရက်ထိတွင် နေပြည်တော်၌ ပိုးတွေ့လူနာဦးရေ ၈၉၄ ဦး၊ သေဆုံးသူ ၇ ဦး ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင် ၃ ရက်နေ့ထိ ပိုးတွေ့လူနာ ၁၂၃၃ ဦး၊ သေဆုံးသူ ၅ ဦး ရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here