တရုတ်နယ်စပ်ဂိတ်တွေပိတ်လိုက်တာကြောင့် မူဆယ် (၁၀၅)မိုင်ဂိတ်မှာ ကုန်ကား ၄၀၀၀ ခန့် ပိတ်မိနေ

0
58

နေပြည်တော် ဇူလိုင် ၁၂

ကိုဗစ်(၁၉)ရောဂါ များကြောင့် တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်များ ပိတ်လိုက်တဲ့အတွက် ပြည်တွင်းမှ ကုန်ကားအစီးရေ ၄၀၀၀ ခန့်ပိတ်မိနေပါတယ်။

ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၈၀၀၀ ခန့် လည်းမူဆယ်ဒေသတွင် ပိတ်မိနေတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီ းဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။

ဇူလိုင်လ (၈)ရက်နေ့မှာ မူဆယ် – ကျိန်စမ်းကျော့ နှင့် မူဆယ် – ဝမ်တိန် နယ်စပ်ကုန်သွယ်ရေး ဂိတ်(၂)ခုအား တရုတ် နိုင်ငံဘက်က ယာယီပိတ်ထားခဲ့ပြီး လောက်ကိုင်ဒေသတွင် ရန်လုံကျိုင်းတံတား ပြုပြင်မှုကြောင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် လောက်ကိုင် – ရန်လုံကျိုင်း နယ်စပ်ကုန်သွယ်ရေး ဂိတ်အား လည်းကောင်း၊ ချင်းရွှေဟော်တွင် COVID – 19 ရောဂါပိုး စစ်ဆေးတွေ့ရှိမှုများကြောင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး တို့ကိုလည်းကောင်း တရုတ်နိုင်ငံဘက်မှ ယာယီပိတ်ထားခဲ့ပါတယ်။

လက်ရှိတွင် မူဆယ်ဒေသတွင် တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့မယ့် ကုန်တင်ကား အစီးရေပေါင်း ၄၀၀၀ ခန့်ထိပိတ်မိနေကြောင်း၊ ထို့ပြင် အဆိုပါပိတ်မိကုန်တင်ကားများတွင် ပါလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် အရေအတွက်မှာလည်း ဦးရေ ၈၀၀၀ ခန့်ထိ မူဆယ်ဒေသတွင် ရောက်ရှိပိတ်မိနေတယ်လို့ သိရပါတယ်။

“ တရုတ်နိုင်ငံက မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေကို ယာယီ ပိတ်လိုက်တဲ့ အတွက် တရုတ်နိုင်ငံကို တင်ပို့မဲ့ မြန်မာနိုင်ငံက ကုန်စိမ်း၊ ကုန်ခြောက် အစရှိတဲ့ ကုန်တင်ကားပေါင်းက ၄၀၀၀ လောက် မူဆယ်ဒေသမှာ ပိတ်မိနေပါတယ်။ နောက်ပြီး ကားတစ်စီးမှာ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက် အနည်းဆုံး နှစ်ဦးပဲထားဦး လူဦးရေ ၈၀၀၀ လောက်က မူဆယ်ဒေသမှာရောက်နေရတဲ့ အခြေအနေပါ။ အဲ့ဒီလူတွေကလဲ ကိုဗစ်ပိုးရှိနိုင်တာ၊ မရှိနိုင်တာက မသိနိုင်ဘူး။ သူတို့ကိုလည်း စစ်မပေးနိုင်တဲ့ အနေအထားဆိုဖြစ်နေတယ်။ ပြီးတော့ အဲ့ဒေသမှာ လူဦးရေ ထူထပ်နေတာဖြစ်လို့ အဲ့ကပိတ်မိနေတဲ့ ကားတွေကို ပြည်တွင်းကို ပြန်လာခွင့်ကို စိစစ်ဆောင်ရွက်ပေးသွားပါမယ်” ဟု စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါ ရှာဖွေတွေ့ရှိမှုများကြောင့် တရုတ်နိုင်ငံမှ နယ်စပ်ဂိတ်များကို ပိတ်လိုက်ခြင်းဖြစ်ရာ နိုင်ငံအတွင်း ကိုဗစ်ရောဂါထိန်းချုပ်နိုင်သည့်အခြေအနေတွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန်ကိုလည်း နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဆောင်ရွက်သွားမယ်လို့သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here