ပိတ်ရက်ရှည်အတွင်း မလိုအပ်ဘဲ ခရီးသွားလာခြင်းများ မပြုလုပ်ရန် မြို့အအဝင်အထွက် များတွင် စစ်ဆေးသွားမည်

0
125

နေပြည်တော် ဇူလိုင် ၁၇

ယနေ့မှစတင်ပြီး ယခုလ(၂၅)ရက်နေ့အထိကို အစိုးရ ရုံးပိတ်ရက်ရှည်အဖြစ် သတ်မှတ်ပြီး ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် စီစဉ်ထားရာ ၎င်း ပိတ်ရက်ရှည် အတွင်း မလိုအပ်သည့် ခရီးသွားလာမှုများ မပြုလုပ်နိုင်ရန် မြို့ အဝင်အထွက် ဂိတ်များတွင် စစ်ဆေးမှု များပြုလုပ်သွားမည်ဟု သိရသည်။

သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်များအလိုက် အုပ်ချုပ်ရေးအဖွဲ့များက မြို့အဝင်အထွက် ဂိတ်များတွင် အပျော်ခရီးအပါအဝင် မလိုအပ်ဘဲ ခရီးထွက်ခြင်းများမပြုလုပ်ရန် ကြပ်မတ်မှုများ ပြုလုပ်သွားရန် စီစဉ်ထားသည်ဟု သိရသည်။

“အဓိကက အိမ်မှာဘဲနေစေချင်လို့ ရုံးတွေပိတ်ပြီး ရောဂါထိန်းချုပ်ဖို့ လုပ်တာ ဖြစ်ပါတယ်။ ဒါကိုတချို့က အခွင့်အရေးလို့ ယူဆပြီး အပျော်ခရီးထွက်လာတာမျိုး၊ မလိုအပ်ဘဲ မြို့တွေကို လျှောက်သွားနေတာမျိုးတွေ ဆိုရင် တားမြစ် သတိပေးသွားမှာပါ”ဟု နေပြည်တော်မြို့ အဝင် စစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

အစိုးရအနေဖြင့် ကိုဗစ် ကူးစက်မှုကို ဟန့်တားနိုင်ရေးအတွက် ရက်သတ္တပတ် နှစ်ပတ်ခန့် မိမိ နေအိမ်တွင်သာနေထိုင်ရေး အစီစဉ်ကိုဆောင်ရွက်နေတာဖြစ်ပြီး ကျန်းမာရေး ကိစ္စအပါအဝင် မဖြစ်မနေ အပြင်ထွက်ရမည့် သူများကိုသာ အပြင်ထွက်ကြဖို့ ကြေညာထားပြီးဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ကိုဗစ် (၁၉)ကူးစက်ခံရသူ နေ့စဉ်မြင့်တက်နေသည့် အခြေအနေတွင် ရှိနေပြီး အောက်စီဂျင် လိုအပ်ချက်များလည်း ရှိနေသည့်အတွက် မိမိကိုယ်ကို မကူးစက်ရန် သတိပြုနေကြဖို့ကိုလည်း နေ့စဉ် ကြေညာလျှက် ရှိနေသည်။

ယခုလ မကုန်ခင် ကိုဗစ်ကာကွယ်ဆေး နှစ်သန်းခန့် ရောက်ရှိလာမည်ဖြစ်သဖြင့် အသက်အရွယ်ကြီးသူများကို ဦးစားပေးထိုးနှံရန်လည်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက စီစဉ်လျက်ရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here