မြဝတီမြို့ရှိ သောင်ရင်းမြစ်ရေ မြင့်တက်လာသောကြောင့် ရေကြီးလာပြီး နေအိမ်အချို့ရေနစ်မြှုပ်ကာ လူအချို့ပိတ်မိ

0
232
ရန်ကုန်၊ ဇူလိုင် ၂၇
မြန်မာ-ထိုင်းနယ်စပ် သောင်းရင်းမြစ်၏ မြစ်ရေသည် ဇူလိုင်လ ၂၆ရက်နေ့ ည(၁၀)နာရီဝန်းကျင် ခန့်တွင် မြင့်တက် လာသောကြောင့်မြစ်အနီးရှိ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေပြီး လူအများအပြားလဲပိတ်မိနေကြောင်း သိရသည်။
ထိုနောက် မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် မြဝတီမြို့ရှိ ကွာရန်တင်းစင်တာအတွင်း ရေများဝင်ရောက်လာပြီး လူမှုကူညီရေး အဖွဲများပူးပေါင်း၍ ဘေးလွတ်ရာသို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသည်ကိုလည်း သိရသည်။
ဒီအတိုင်းသာ ရေဆက်တက်သွားမယ်ဆိုရင် အခြေအနေအရမ်းဆိုးသွားနိင်ကြောင်း လက်ရှိပိတ်မိနေတဲ့အိမ်တွေအများကြီးရှိကြောင်းနှင့် စက်လှေ ၂ စီးသာရှိတဲ့အတွက် အခက်အခဲရှိကြောင်း ဒေသခံတစ်ဦးမှပြောကြားသည်။
မြဝတီမြို့ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်သောအမှတ် ၁၊၂၊၅ ရပ်ကွက်တွေမှာ ရေအတက်ကြမ်းနေတာဖြစ်ပြီး လက်ရှိ သောင်းရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ၁ ပေ ကျော်လွန်ရောက်ရှိနေပြီး လက်ရှိ ည ၁၀ နာရီ ဝန်းကျင်အချိန်ထိ ဆက်လက်မြင့်တက်နေ သည်ကိုလည်း သိရသည်။
ရေဘေးသင့်ပြည်သူများကို မြဝတီမြို့ အမှတ်(၃)ရပ်ကွက်ရှိ ဓိဌာန်အောင်ဘုရား ဓမ္မာရုံ၊အမှတ်(၅)ရပ်ကွက်ရှိ ဝါးတော်စာသင်ကျောင်းနှင့် အထကခွဲ ၃ ကျောင်းတိုမှာ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိကြောင်းသိရသည်။
မိုးလေဝသခန့်မှန်းချက် အရလည်း ဇူလိုင်လ ၂၅ရက်နေ့မှ ၂၈ရက်နေ့အထိ နေရာကွက်၍မိုးကြီးနိုင်ပြီး ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တိုတွင် (၂၄)နာရီ အတွင်း မိုးရေချိန် (၃)လက်မ (၇၇-မီလီမီတာ)နှင့်အထက် ရွာသွန်းနိုင်ကြောင်းသိရသည်။ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန် သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here