Antibody ထွက်၊မထွက် Rapid Test Kit နဲ့ ဘယ်လိုစစ်မလဲ

0
331

မြန်မာပြည်မှာ ကူးစက်မှုနှုန်းမြင့်မားတဲ့ Delta ကိုဗစ်ဗီဇကွဲပိုးကြောင့် ရောဂါဖြစ်ပွါးနှုန်းနဲ့ သေဆုံးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။ လူကြီး၊ လူငယ် မရွေး ကူးစက်ခံရပြီး သေဆုံးခဲ့တာတွေတောင်ရှိပါတယ်။

ကိုဗစ်ကူးစက်ခံရပြီး ပြန်ကောင်းလာခဲ့သူ အများစုဟာ မိမိတို့ခန္ဓာကိုယ်က ကိုဗစ်ကိုခုခံနိုင်တဲ့ Antibody ထွက်/မထွက်ကိုစစ်သင့်ပြီး Antibody စစ်တဲ့နည်းလမ်းတွေနဲ့ ထွက်လာသူတွေ အနေနဲ့ ဘယ်လိုနေထိုင်သင့်တယ် မထွက်တဲ့သူတွေကရော ဘယ်လိုမျိုးနေထိုင်ရမယ် ဆိုတာတွေကို ဒေါက်တာနုမြတ်သိင်္ဂီဦးက မျှဝေပေးထားပါတယ်။

ကိုဗစ် positive အဖြေထွက်ပြီး ၂၁ ရက်ကြာရင်တော့ Covid Antibody ထွက်လာပါပြီ။ Antibody ထွက်လာပြီဆိုရင် ခန္ဓာကိုယ်မှာ ကိုဗစ်ပိုးတွေမရှိတော့သလို ၃လကနေ ၆ လ အတွင်း ကိုဗစ်ကူးစက်ခံရဖို့ဟာလည်း အခွင့်အရေး အလွန်နည်းပါတယ်။

Antibody ထွက်၊မထွက်ကိုတော့ သွေးဖောက်ပြီး Rapid Antibody Test kit နဲ့စစ်ဆေးလို့ရပါတယ်။Test kit မှာ လိုင်း ၃လိုင်းပါပြီး ပေါ်တဲ့လိုင်းပေါ်မူတည်ပြီး လက်ရှိကိုဗစ်ဖြစ်နေလား၊ ပျောက်ပြီးတော့ ကိုဗစ်ကာကွယ်နိုင်တဲ့ Antibody ထွက်နေပြီလားဆိုတာ သိနိုင်ပါတယ်။

Antibody test kit ကို ကိုဗစ်ပေါ့စတစ်အဖြေထွက်ပြီး ၂ပတ်ကျော်မှာ စစ်သင့်ပါတယ်။ ကိုယ့်ကိုယ်ကို စိတ်ရှင်းချင်လို့ပဲဖြစ်ဖြစ် ကိုယ်ခံ အား ရမရ သိချင်လို့ပဲဖြစ်ဖြစ် စစ်နိုင်ပါတယ်။

Antibody test kit အသုံးပြုနည်းကတော့
-လက်ချောင်းထိပ်ကို test kitထဲက အရက်ပြန်ပါတဲ့ ဂွမ်းနဲ့သုတ်ပါ။
-တစ်ခါသုံးအပ်နဲ့ ဆီးချိုစစ်သလိုဖောက်ပြီး ပထမဦးဆုံးထွက်လာတဲ့ သွေးကို မသုံးပဲသုတ်ပစ်ပါ။
-ညှစ်လို့ထပ်ထွက်လာတဲ့သွေးကို test kit ထဲမှာပါတဲ့ သွေးယူတဲ့ပြွန်နဲ့ယူပြီး Rapid Test Kit ထဲကို ၁စက်ချ၊ဆေးရည်ဘူးထဲက ဆေးရည် ၂စက်ချပါ။
တချို့ test kit မှာတော့ သွေး၂စက်၊ဆေးရည် ၁စက် ထည့်ရပါတယ်။ဒါကြောင့်မိမိဝယ်လာတဲ့ test kit ရဲ့ အညွှန်းကို သေချာဖတ်ဖို့ လိုပါတယ်။
-အားလုံးပြီးရင်တော့အဖြေကို ၁၀မိနစ်ကနေ ၁၅မိနစ်အတွင်းကြည့်လို့ရပါပြီ။
စစ်ပြီးသားပစ္စည်းတွေကိုတော့ ပလတ်စတစ်အိတ်နဲ့ သေချာထုပ်ပြီး အမှိုက်ပုံးထဲပစ်ဖို့ကိုလည်း ဒေါက်တာ နုမြတ်သိင်္ဂီဦးက အကြံပေးထား ပါတယ်။

Test kit မှာ C,IgG နဲ့ IgM ဆိုပြီး ၃ မျိုးပါပါတယ်။ C က control ပါ။ စစ်တိုင်း C မှာ လိုင်းပေါ်ရပါမယ်။ကိုဗစ်၁၉ မှာ Antibody ၂ မျိုးရှိပြီး IgG နဲ့ IgM ပါ။IgM ကရောဂါပိုးဖြစ်ပြီး မကြာခင်သွေးထဲမှာပေါ်ပြီး IgG ကတော့ နောက်မှပေါ်တာပါ။

C တစ်လိုင်းထဲပေါ်နေရင် ရောဂါပိုးကူးစက်မခံရသေးတာပါ။ဒါပေမယ့် ရောဂါဖြစ်ပြီးမကြာခင်စစ်လိုက်မိလို့ Antibody မထွက်သေးချိန်မှာ စစ်မိရင်လည်း C ပေါ်ပါတယ်။

C နဲ့ IgG ၂လိုင်းပေါ်နေရင် ကိုဗစ်ဖြစ်ခဲ့ဖူးပြီး ကိုယ်ခံအား ထွက်နေတာပါ။ရောဂါကို ခုခံကာကွယ်နိုင်စွမ်းရှိတဲ့ အဆင့်လို့ ပြောနိုင်ပါပြီ။ ဒီမဖြေဟာ လူတစ်ယောက်အတွက် အကောင်းဆုံးအဖြေလို့တောင် ပြောနိုင်ပါတယ်။ကိုဗစ်၁၉ ကို ကိုယ်ခံအားရသွားတဲ့ သူတယောက်ဖြစ် သွားပြီး အခုလိုပေါ်နေသမျှကာလပတ်လုံး ကိုဗစ်၁၉ ကို ဖြန့်ဝေသူလည်း မဖြစ်နိုင်သလို ကူးစက်သူလည်း မဖြစ်နိုင်တော့ပါဘူး။IgG က ၆လလောက် ထိပေါ်နေနိုင်ပေမယ့် Antibody ဆိုတာ ကိုယ်မသိလိုက်ပဲ အချိန်မရွေး ပျောက်သွားနိုင်တာမို့ ဂရုစိုက်တာတော့ အကောင်း ဆုံး ပါလို့ ဒေါက်တာနုမြတ်သိင်္ဂီဦးက အကြံပေးထားပါတယ်။

C ရယ် IgM ရယ် ၂ လိုင်းပေါ်နေရင် ကိုဗစ်ရောဂါပိုး ကူးစက်ပြီးခါစဖြစ်လို့ အများကို မကူးစက်နိုင်အောင် ဘယ်သူနဲ့မှ မထိတွေ့ပဲ ၂ပတ် ကြာ သီးသန့်ခွဲနေရပါမယ်။

၃လိုင်းလုံးပေါ်နေရင်တော့ Antibody ထွက်နေပေမယ့် ရောဂါပိုးရှိနေတုန်းဖြန့်နိုင်တုန်းပဲဖြစ်တာကြောင့် သီးသန့်ခွဲနေသင့်ပါတယ်။

၁လိုင်းမှမပေါ်ရင်တော့ သွေးထည့်နည်းတာ (သို့) ဆေးထည့်နည်းတာဖြစ်နိုင်ပြီး test kit error တက်တာလည်းဖြစ်နိုင်လို့ နောက်တခါ ထပ်စစ်ပေးရပါမယ်။

Antibody ထွက်ထားပေမယ့်လည်း မာယာများတဲ့ကိုဗစ်ဖြစ်တာကြောင့် အပြင်ထွက်ရင် Mask တပ်ဖို့၊လူစုလူဝေးရှောင်ရှားဖို့နဲ့ လက်သန့် ဆေးရည်မကြာခဏသုံးဖို့၊ အပြင်ကပစ္စည်းတွေဝယ်လာတိုင်း ပိုးသတ်ပေးဖို့ကိုလည်း ဒေါက်တာနုမြတ်သိင်္ဂီဦးက ပြောပြထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here