၂၀၂၁ ခုနှစ် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ မြန်မာနိုင်ငံစီမံကိန်းများ အတွက် တရုတ်နှင့် နစကတို့လက်မှတ်ရေးထိုး

0
185
ရန်ကုန်၊ဩဂုတ်၁၀
၂၀၂၁ ခုနှစ် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ မြန်မာနိုင်ငံ စီမံကိန်းများ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို သြဂုတ်လ ၁၀ ရက်နေ့တွင် Video Conference စနစ်ဖြင့် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် နစက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့က အမှာစကား ပြောကြား၍ စီမံကိန်းစာချုပ်များလက်မှတ်ရေးထိုးခဲ့ကြသည်ဟု သံရုံးကဖော်ပြသည်။
သံအမတ်ကြီး Mr. Chen Hai က “လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု စတင်ဆောင်ရွက်သည့်အချိန်မှစ၍ အပြောနှင့်သာမဟုတ်၊ အလုပ်ဖြင့် လက်တွေ့ သက်သေပြသူအဖြစ် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ သည် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး၍ ပြည်သူလူထုကို အခြေခံခြင်းအယူအဆကို လက်ကိုင်စွဲကာ ပြည်သူ့အကျိုး ပြု စီမံကိန်း ၅၄၀ ကျော်ကို ထောက်ခံအားပေးခဲ့ပြီး လန်ချန်း-မဲခေါင် နိုင်ငံအသီးသီးမှ ပြည်သူများအတွက် လက်တွေ့ကျသော အကျိုးကျေးဇူး များကို ဆောင်ကြဉ်းပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုကို ပထမဆုံး အဆိုပြုခဲ့သည့်နိုင်ငံ ဖြစ်ပြီး တက်တက်ကြွကြွပါဝင်သူနှင့် အကျိုးကျေးဇူး ခံစားရသူလည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ရန်ပုံငွေမှ ထောက်ပံ့သော စီမံကိန်း အရေအတွက်နှင့် ငွေကြေးပမာဏ အများဆုံးနိုင်ငံ ဖြစ်ကြောင်း၊ ဤစီမံကိန်းများသည် မြန်မာနိုင်ငံ ပြည်သူ လူထုဘဝ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူတို့လိုအပ်ချက်များနှင့် ကိုက်ညီနေပြီး လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု၏ ပြည်သူလူထုဘဝ ကောင်းမွန် လာစေရေး အတွက် ဝန်ဆောင်မှုပေးခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အားဖြည့်ပေးခြင်း၊ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု အား နက်ရှိုင်းစေခြင်းဟူသည့် အယူအဆများကို တစ်စုတစ်စည်းတည်း တင်ဆက်ပြသနေကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဌနိုင်ငံနှင့် အေးအတူပူအမျှအသိုက်အဝန်း ဖြစ်သည့် တရုတ်-မြန်မာနှစ်နိုင်ငံသည် တစ်လှေတည်းစီး တစ်ခရီးတည်းသွားရင်း လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုမှ အကျိုးရလဒ်သစ်များ ဖြစ်ထွန်းလာရန် အတူလက်တွဲ တွန်းအားပေးပြီး လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု၏ ပိုမိုထွန်းလင်းတောက်ပသော “ရွှေရောင် ၅ နှစ်” အတွက် စာမျက်နှာသစ်ဖွင့်လှစ်နိုင်မည်”ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
ဦးဝဏ္ဏမောင်လွင်က တရုတ်နိုင်ငံမှမြန်မာနိုင်ငံအပေါ် ထောက်ခံအားပေးမှုကို ကျေးဇူးတင်ရှိ၍ချီးကျူးကြောင်း၊ ယခုအကြိမ် လက်မှတ်ရေး ထိုးပွဲ အခမ်းအနားသည် တရုတ်-မြန်မာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး၏ နောက်ထပ်သမိုင်းဝင် မှတ်တိုင်တစ်ခုဖြစ်ပြီး နှစ်နိုင်ငံ၏အစဉ်အလာချစ်ကြည်ရေးကို ပေါ်လွင်စေကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက် လာခြင်းသည် ဒေသတွင်းပြည်သူများကို အင်တိုက်အားတိုက် အကျိုးဖြစ်ထွန်းစေခဲ့ပြီး ဤဒေသတွင်းအအောင်မြင်ဆုံး ပူးပေါင်းဆောင်ရွက် မှုယန္တရား ဖြစ်လာပြီဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေသည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အတွက် အရေးပါသည့်ထောက်တိုင်ပေးလိုက်ကာ ရန်ပုံငွေဖြင့် ဖော်ဆောင်သည့် စီမံကိန်းများသည်လည်း နိုင်ငံအသီးသီးဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာနှင့် နက်ရှိုင်းစွာချိတ်ဆက်လျက်ရှိကြောင်း၊ တရုတ်ဘက်က မြန်မာနိုင်ငံအပေါ် အမြဲတစေထောက်ခံအားပေးမှုကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခုနှစ်ရန်ပုံငွေဖြင့် ထောက်ခံအားပေးသည့် မြန်မာနိုင်ငံစီမံကိန်းများတွင် လူသားအရင်းအမြစ်၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဘဏ္ဍာရေးစသည့် နယ်ပယ်အများအပြား ပါဝင်ကြောင်း၊ တရုတ်ဘက်က မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး၏ အရေးကြီးအချိန်အခါတွင် မြန်မာနိုင်ငံ ဇီဝဘေးကင်းမှုတတိယအဆင့် ဓာတ်ခွဲခန်း တည်ဆောက်ရန် ကူညီပေးခဲ့ပါကြောင်း၊ ဤစီမံကိန်းများသည် နောက်တစ်ဆင့် မြန်မာပြည်သူများကို အကျိုးဖြစ်ထွန်းစေမည်ဟုယုံကြည်ကြောင်း၊ မြန်မာဘက်က စီမံကိန်းကို အချိန်မီထိရောက်စွာ ကောင်းမွန်စွာဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲဥက္ကဌနိုင်ငံအနေဖြင့် ဘက်စုံတာဝန်ခံကာ လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံများ အတူတကွ ငြိမ်းချမ်းသည့် စည်ပင်သာယာသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့်ဒေသတည်ဆောက်ရေး မျှော်မှန်းချက်ကို ဘက်စုံတာဝန်ကျေပွန် စွာဖော်ဆောင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ်မှစ၍ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေသည် မြန်မာနိုင်ငံ၏ ၄ ကြိမ် စုစုပေါင်း စီမံကိန်း ၇၃ ခုကိုထောက်ခံ အားပေးပြီးဖြစ်သည်။ တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်က ယခုအကြိမ်တွင် စတုတ္ထအကြိမ် စီမံကိန်း ၂၁ ခု ပူးပေါင်းဆောင်မှု စာချုပ်ချုပ်ဆိုခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here