ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအခြေအနေ မန်းမြို့သူ၊မြို့သားတွေစိုးရိမ်

0
111
ကိုဗစ်ကူးစက်ခံခဲ့ရလို့ မန္တလေးပြည်သူ့ဆေးရုံတက်ကုသနေရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ဒီကနေ့ မနက်မှာ အဖျားပြန်ကျပြီး စကား အနည်းငယ်ပြောတာတွေ လုပ်နေတယ်လို့ နစက အကျဉ်းဦးစီးဌာနဘက်က အခုနေ့လယ်မှာပြောပါတယ်။
မန္တလေး အကျဉ်းထောင် အတွင်း ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ NLD ဒုတိယဥက္ကဌ(၂) ၊မန္တလေးတိုင်း ဝန်ကြီး‌ဟောင်း ချုပ်ဒေါက်တာဇော်မြင့်မောင် ရဲ့ လက်ရှိကျန်းမာရေးအခြေအနေနဲ့ စပ်လျဉ်းပြီး မေးမြန်းရာမှာ အခုလိုဖြေကြားခဲ့တာပါ။
ကိုဗစ် ကာကွယ်ဆေးထိုးချင်တယ်လို့ ထောင်တာဝန်ရှိသူတွေကို တောင်းဆိုခဲ့ပေမယ့် ဆရာဝန်မှတ်ချက်နဲ့ ကိုဗစ်ကာကွယ်ဆေး မထိုး ခဲ့ရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ အခုဇူလိုင်လကုန်ပိုင်းကစလို့ နဂိုဖြစ်ထားတဲ့ သွေးကင်ဆာရောဂါအခံကြောင့် ကျန်းမာရေး အခြေနေ ဟာ ဆိုးရွားလာခဲ့ပြီး ထောင်ဆေးရုံ ထိုမှတဆင့် သွေးကင်ဆာအထူးကုဆရာဝန်ကြီးတွေရဲ့ အကြံပြုချက်နဲ့ မန္တလေးဆေးရုံကြီး မှာ တက်ရောက်ကုသနေရတာပါ။
နစကအကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရသူက “ဒေါက်တာဇော်မြင့်မောင်ဟာ အခု ဇူလိုင်လကုန်ပိုင်းကစပြီး ကျန်းမာရေးအခြေအနေက ဆေးရုံတက်ကုသဖို့ဖြစ်လာတယ်။ပထမထောင်ဆေးရုံကို ပို့တယ်။နောက် သွေးကင်ဆာပါရဂူတွေက ရောဂါအခံကရှိတော့ မန္တလေးဆေးရုံ တက်ပါလို့ အကြံပြုတယ်။ အဲ့ဒီမှာ အခုတက်နေတာပေါ့။ထောင်မှာ ကိုဗစ်တစ်ကြိမ်စစ်တယ်။မတွေ့ဘူး။နောက် မန္တလေးဆေးရုံမှာ တစ်ခါစစ်သေးတယ်။ မတွေ့ဘူး။Test Kitနဲ့ စစ်တာပေါ့။ ဒါနဲ့ PCRနဲ့ ထပ်စစ်တော့ တွေ့တယ်။အောက်စီဂျင်ရှုရတာတွေ ဘာတွေကတော့ ဆရာဝန်တွေရဲ့ ကုသမှုအပိုင်းမှာ။ဒီမနက်မှာတော့ အဖျားကပြန်ကျသွားတယ်။စကားလည်း ပြောတယ်လို့ သိရပါတယ်”လို ပြောပါတယ်။
ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအခြေအနေအပေါ် စောင့်ရှောက်မှုအပြည့်အဝပေးထားတယ်လို့လည်း သူကပြောပြပါတယ်။
ဒေါက်တာဇော်မြင့်မောင်က ကိုဗစ်ကူးစက်ခံထားရပြီး အောက်စီဂျင်ရှုနေတယ်လို့ အခုရက်ထဲ ဗီဒီယိုကွန်ဖရင့်နဲ့ ပြုလုပ်တဲ့ အမှုရုံးထုတ်မှာ ထုတ်ဖော်ပြောဆိုထားတာရှိပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ အခု ကိုဗစ်ကူးစက်ခံနေရတဲ့ အခြေအနေမှာပဲ မိသားစုဝင်တွေနဲ့ အဆင်အသွယ်မရသေးတဲ့ အခြေအနေလည်း ရှိနေပါတယ်။
ဒေါက်တာဇော်မြင့်မောင် ကိုဗစ်ကူးစက်ခံထားရတဲ့အပေါ မန်းမြို့သူ၊မြို့သားတွေကစိုးရိမ်နေကြပါတယ်။
NLDဒုတိယဥက္ကဌ(၂)၊မန္တလေးတိုင်း ယခင်ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ဟာ မန္တလေး အိုးဘိုထောင်အတွင်းထိန်းသိမ်းခံထားရပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ – ခ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ စတာတွေနဲ့ တရားစွဲဆိုခံထားရတာပါ။
တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်ဆီးစေမှု ပုဒ်မ ၅၀၅(ခ)နဲ့ သဘာဝဘေးအန္တရယ် စီမံခန့်ခွဲမှုပုဒ်မ ၂၅/၃၀ တို့ နှစ်အမှုအတွက် စွဲချက်တင်အမိန့်ချမှတ်ထားတာရှိပါတယ်


LEAVE A REPLY

Please enter your comment!
Please enter your name here