မြန်အောင်မြို့ လွန်ဆေးပြိုင်ပန်းခြံအနီးရှိ ကမ်းထိန်းနံရံ ၁၀ပေနိမ့်ဆင်းသွား

0
116

ဧရာဝတီတိုင်းမြန်အောင်မြို့ရဲ့ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်ရောက်ဖို့ ၂ပေခန့်သာလိုတော့ပါတယ်။

စိုးရိမ်ရေမှတ်ရောက်ဖို့ နီးကပ်လာမှုနဲ့အတူ သြဂုတ်လ ၂၉ ရက်ညနေပိုင်းမှာ မြန်အောင်မြို့ က လွန်ဆေးပြိုင်ပန်းခြံအနီးရှိ ကမ်းထိန်းနံရံ ဟာ ၁၀ပေနိမ့်ဆင်းသွားခဲ့ပါတယ်။

မြန်အောင်ဧရာ ဝတီမြစ်ရေ စိုးရိမ်ရေမှတ်ဟာ ၆၇ ဒသမ ၀၀ ပေဖြစ်ပြီး သြဂုတ်လ ၂၉ ရက်မွန်းတည့် ၁၂ နာရီ တိုင်းထွာချက်အရ ရေအမှတ်ဟာ ၆၅ ဒသမ ၇၀ပေ ရှိနေပါတယ်။

နိမ့်ကျမှုဖြစ်ပေါ်သွားတဲ့လွန်ဆေးပြိုင်ပန်းခြံအနီးရှိ ကမ်းထိန်းနံရံကို ကမ်းပြိုမှု ဆက်လက်မဖြစ်စေဖို့ အချိန်မီ ပြုပြင်မှုတွေဆောင်ရွက် မယ်လို့ ဟင်္သာတခရိုင် ရေအရင်းအမြစ်နဲ့မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်း က ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ရက်နေ့ကမှ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့ မြန်အောင်တာမိုင် ၆/၇ နှင့် ၇/၀ အတွင်း လွန်ဆေးမြိုင်ပန်းခြံအနီး မြစ်ကမ်းထိန်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုတွေကို မြို့နယ်လုပ်ငန်း အရည်အသွေးစစ်ဆေးရေး ကော်မတီအဖွဲ့က ကြည့်ရှုစစ်ဆေးခဲ့တာ တွေလုပ်ခဲ့ပါသေးတယ်။

မြန်အောင်တာမိုင် ၆/၇ နှင့် ၇/၀ အတွင်းရှိ လွန်ဆေးမြိုင်ပန်းခြံ မြစ်ကမ်းထိန်းလုပ်ငန်း Geotextile ကပ်နံရံနဲ့ ရေထဲပိုင်း Geo-Bag ချခြင်း အလျား(၃၂၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းကိုကုမ္ပဏီတစ်ခုက ကျပ် (၁၉၃ ဒသမ ၂၀) သန်းနဲ့ တင်ဒါအောင်မြင်ဆောင်ရွက်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြဖူးပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here