နေပြည်တော် တိရစ္ဆာန်ဥယျာဉ်နှင့် ဆာဖာရီဥယျာဉ်တို့ရှိ တိရစ္ဆာန်များ အတွက် လိုအပ်နေသည့် အစာများ အလှူရှင်များ ကိုယ်တိုင် လာရောက်ကျွေးနိုင်

0
494

 

နေပြည်တော် စက်တင်ဘာ ၇

 နေပြည်တော်တိရစ္ဆာန်ဥယျာဉ်နှင့် ဆာဖရီဥယျာဉ်ကြီး တို့တွင်ရှိသော တိရစ္ဆာန်များအတွက် နေ့စဉ်အစာ လိုအပ်ချက်များရှိနေသည်ဖြစ်၍ ထိုသို့ လိုအပ်သည့် အစာများကို တိရစ္ဆာန်ဥယျာဉ်တို့ထံ အလှူရှင်များ ကိုယ်တိုင်လာရောက် ဝယ်ယူကျွေးမွေးနိုင်ကြောင်း နေပြည်တော် တိရစ္ဆာန် ဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

 တိရစ္ဆာန်ချစ်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်အညီ နေပြည်တော် တိရစ္ဆာန်ဥယျာဉ်နှင့် ဆာဖာရီဥယျာဉ်ကြီးတို့ရှိ တိရစ္ဆာန်လေးများကို အစာများ ကိုယ်တိုင်ကိုယ်ကျလာရောက်ကျွေးနိုင်ရန် စီစဉ်ပေးထား ကြောင်း၊ ဥယျာဉ်တခုချင်းစီတိုင်းအတွက်အစာကျွေးမည့်အစီအစဉ်ကို တစ်ရက်လျှင် (၂) ဖွဲ့ဖြင့် ခွင့်ပြုပေးထားပြီး နံနက်ပိုင်း (၁) ဖွဲ့၊ နေ့လည်ပိုင်း (၁) ဖွဲ့ ဖြစ်ကာ တစ်ဖွဲ့လျှင် လူဦးရေ ၅ ယောက် မှ ၇ ယောက် ထိသာ သတ်မှတ်ပေးထားကြောင်း၊ နံနက်ပိုင်းကျွေးမည့် အဖွဲ့သည်နံနက် ၈ နရီခွဲမှ ၉ နာရီ အချိန်အတွင်း၊ နေ့လည်ပိုင်းအဖွဲ့မှာ နေ့လည် ၂ နာရီ မှ ၂ နာရီခွဲ အချိန်အတွင်း အရောက်လာ၍ ကျွေးမွေးနိုင်ကြောင်း သိရသည်။

“ လက်ရှိမှာတော့ ကိုဗစ်-၁၉ ရောဂါအခြေအနေတွေကြောင့် နေပြည်တော်က တိရစ္ဆာန်ဥယျာဉ်နဲ့ ဆာဖာရီဥယျာဉ်တို့ကို ယာယီပိတ် ထားတာပါ။ ဒီတိရစ္ဆာန်ရုံအတွင်းက တိရစ္ဆာန်တွေအတွက် အစာရေစာ ကျွေးမွေးတာကတော့ သက်ဆိုင်ရာတာဝန်ယူထားတဲ့ ကုမ္ပဏီကနေ ဆောင်ရွက်နေပါတယ်။ တိရစ္ဆာန်တွေလဲ ဝဝလင်လင်ရှိပါတယ်။ အလှူရှင်တွေဖိတ်ခေါ်ပြီး ကျွေးနေတာရှိသလို အလှူရှင် တွေ မရှိတဲ့ ရက်တွေမှာလဲ သူတို့အစီအစဉ်နဲ့သူတို့ ကျွေးနေတာတွေလဲ ရှိပါတယ်” ဟု သစ်တောဦးစီးဌာန၊ တိရစ္ဆာန်ဥယျာဉ် ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုသို့ အစာကျွေးလာရောက်မည့် ကုသိုလ်ရှင်များအနေဖြင့်ပြင်ပအစားအစာများ ဝယ်ယူရာတွင် ဈေးသို့မဟုတ် အပြင်ထွက်ရသည့်အခါ ရောဂါကူးစက်နိုင်ချေများပြားခြင်းကြောင့် ကုသိုလ်ရှင်များ၏ ကျန်းမာရေး လုံခြုံစိတ်ချစေရန် အတွက် ပြင်ပအစာများ ဝယ်ယူစရာ မလိုအောင် ဥယျာဉ်မှ အစားအစာများအားလုံး စီစဉ်ပေးထားကြောင်း၊ ထို့ပြင် ကုသိုလ်ရှင်များအနေဖြင့် အသားစား တိရစ္ဆာန်များ အားလုံး အတွက် တစ်ရက်စာအစာကျွေးပါက ငွေကျပ် ၆ သိန်း၊ အသီးအနှံစားတိရစ္ဆာန်များ အားလုံးအတွက် တစ်ရက်စာအစာကျွေးပါက ငွေကျပ် ၄ သိန်း၊ အသားစားနှင့် အသီးအနှံစား တိရစ္ဆာန်လေးများ အတွက် တစ်ရက်စာအစာကျွေးမည်ဆိုပါက ငွေကျပ် ၁၀သိန်း ဟူ၍ သတ်မှတ် ထားကြောင်း သိရသည်။

 နေပြည်တော် ဆာဖာရီဥယျာဉ်တွင် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၉မျိုး၊ ကောင်ရေ ၂၁၂ ကောင် ရှိပြီး တိရစ္ဆာန်ဥယျာဉ်တွင် တိရစ္ဆာန်မျိုးစိတ် ပေါင်း ၈၃ မျိုး၊ ကောင်ရေပေါင်း ၇၅၃ကောင် ရှိပြီးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here