ကိုဗစ်ကာလ ပြည်ပ သွင်းကုန်များသာ တင်သွင်းမှုများနေ၍ ပြည်တွင်းပို့ကုန်များ အမြန်ဆုံး တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေဟုဆို

0
89

ကိုဗစ်ကာလ ပြည်ပသွင်းကုန်များသာ တင်သွင်းမှုများနေ၍ ပြည်တွင်းပို့ကုန်များ အမြန်ဆုံးတင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေဟုဆို

နေပြည်တော် စက်တင်ဘာ ၁၃

 မြန်မာနိုင်ငံတွင် ကိုဗစ်ကာလအတွင်း ပြည်တွင်းပို့ကုန် အများစု ရပ်နားထားရပြီး ပြည်ပသွင်းကုန်များသာ အဓိကထားတင်သွင်းနေရသည့်အတွက် နိုင်ငံခြားဝင်ငွေများ ပြန်လည် ရရှိမှုရှိလာစေရန် ပြည်တွင်းပို့ ကုန်များကို အမြန်ဆုံး ပြန်လည်တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 လက်ရှိ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပေါ် ကူးစက်မှုဒဏ်ကိုခံနေကြရသည်ဖြစ်၍ ပြည်ပ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရေး ကဏ္ဍများတွင်လည်း ယာယီရပ်တန့်မှုများဖြစ်ပေါ်လျက်ရှိပြီး ပြည်ပသွင်းကုန်များကိုသာ အဓိကတင်သွင်းနေရသည့် အတွက် နိုင်ငံခြားငွေကုန်ကျမှု များနေလျက်ရှိ ကြောင်း၊ ထို့ကြောင့် နိုင်ငံခြားဝင်ငွေများ ပြန်လည်ရရှိနိုင်ရေးအတွက် ပြည်တွင်းပို့ကုန်များဖြစ်သည့် ပဲ၊ နှမ်း၊ ပြောင်းအစရှိသည့် လယ်ယာထွက်သီးနှံများကို ပြန်လည် တင်ပို့ခွင့်ရရှိနိုင်ရန်အတွက် ယာယီပိတ်ထားသည့် နယ်စပ်ကုန်သွယ်ရေး ဂိတ်များကို ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 “ အခုက ကိုဗစ်အခြေအနေတွေကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ လယ်ယာထွက်ကုန်တွေ တင်ပို့နိုင်မှု မရှိဘူးဖြစ်နေတယ်။ အဓိကကတော့ မြန်မာနိုင်ငံရဲ့ လယ်ယာထွက်ကုန်တွေ တင်ပို့နေရတဲ့ မူဆယ်နယ်စပ် ကုန်သွယ်ရေးဂိတ်တွေ တရုတ်ဘက်က ပိတ်ထားတော့ ပို့ကုန်ဝင်ငွေရရှိမှုမှာလဲ လျော့နည်းနေရတာပေါ့။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံက လယ်ယာ ထွက်ကုန်တွေကိုပြန်ပြီးတင်ပို့နိုင်ဖို့ နယ်စပ်ဂိတ်တွေပြန်ဖွင့်ဖို့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ကျင့်စန်းကျော့ ဂိတ်ကိုတော့ ဒီလမကုန်ခင်တော့ ပြန်ဖွင့်နိုင်မယ်လို့ မျှော်မှန်း ဆောင်ရွက်နေပါတယ်” ဟု စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 လက်ရှိတွင် မြဝတီနယ်စပ်၊ အိန္ဒိယနယ်စပ်၊ မူဆယ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်သည့် ဆေးနှင့်ဆေးဝါးပစ္စည်းများကိုသာ ပြည်တွင်းသို့ တင်သွင်းခွင့်ပြုထားရပြီး ပြည်ပသို့ပြည်တွင်းပို့ကုန်အများစု တင်ပို့နိုင်ခြင်း မရှိသည့်အတွက် အမြန်ဆုံးတင်ပို့ခွင့်ရနိုင်ရေး ဆောင်ရွက်လျက် ရှိခြင်းဖြစ်ကြောင်း၊ ထို့ပြင် ယခုလ အတွင်း၌ပင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ဂိတ်များကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here