နေပြည်တော်တွင် ကိုဗစ်-၁၉ ပိုးတွေ့ လူနာပေါင်း ၁၃၆၅၅ ဦး ရှိထားပြီး ယခင်လများအောက် နေ့စဉ်ပိုးတွေ့မှုနှုန်း ထက်ဝက်ထိ လျော့ကျလာ

0
237

နေပြည်တော်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း ၁၃၆၅၅ ဦးရှိထားပြီး ယခင်လများအောက် နေ့စဉ်ပိုးတွေ့မှုနှုန်း ထက်ဝက်ထိလျော့ကျလာ

နေပြည်တော် စက်တင်ဘာ ၁၃

 နေပြည်တော်ပြည်ထောင်စု နယ်မြေအတွင်း စက်တင်ဘာလ ၁၂ ရက်နေ့ထိတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာဦးရေ စုစုပေါင်း ၁၃၆၅၅ ဦးရှိထားပြီး ပိုးတွေ့မှုနှုန်းမှာ ယခင်လများအောက် ထက်ဝက်ထိလျော့ ကျလာလျက်ရှိနေကြောင်း နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

 နေပြည်တော်ပြည်ထောင်စု နယ်မြေအတွင်း ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လပိုင်းမှစ၍ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ထိတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာဦးရေစုစုပေါင်း ၁၃၆၅၅ ဦးရှိထားပြီး ပြီခဲ့သည့် လများအတွင်း တွေ့ရှိမှုများနှင့် နှိုင်းယှဉ်ပါက နေ့စဉ်ပိုးတွေ့လူနာဦးရေမှာ ထက်ဝက်ခန့်ထိ လျော့ကျလာ လျက်ရှိကြောင်း၊ ယခင်ပြီးခဲ့သည့် လများအတွင်း နေ့စဉ်ပိုးတွေ့ လူနာအရေအတွက် မှာ ဦးရေ ၁၀၀ ဝန်းကျင်တွင်ရှိခဲ့ပြီး ပြီးခဲ့သည့် ဩဂုတ်လပိုင်းမှစ၍ နေ့စဉ်ပိုးတွေ့လူနာဦးရေနှုန်းမှာ တဖြည်းဖြည်းချင်း ကျဆင်းလာလျက်ရှိကြောင်း၊ ယခု စက်တင်ဘာလ အတွင်းတွင်လည်း နေ့စဉ်ပိုးတွေ့သူ ဦးရေနှုန်းမှာ ဦးရေ ၅၀ ဝန်းကျင်တွင်သာ တွေ့ရှိနေရ၍ ယခင်လများအောက် နေ့စဉ်ပိုးတွေ့နှုန်းမှာ ထက်ဝက်ခန့်ထိ လျော့ကျလာ နေခြင်းဖြစ်သည်။

“ ပြီးခဲ့တဲ့လတွေတုန်းကတော့ နေ့စဉ်ပိုးတွေ့ လူနာဦးရေက ၉၀၊ ၁၀၀ နဲ့ ၁၀၀ ကျော်မှာရှိပါတယ်။ ဩဂုတ်လ လယ်ပိုင်းလောက်ကနေ နည်းနည်းစီ ပိုးတွေ့နှုန်းကျဆင်းလာတာကို တွေ့ရပါတယ်။ ဒီစက်တင်ဘာလ အတွင်းမှာတော့ နေ့စဉ်ပိုးတွေ့နှုန်းကတော့ တစ်ရက်ကို ၃၀ ဦးကနေ ၅၀ ကျော် ဝန်းကျင် လောက်ပဲတွေ့ရပါတယ်။ အရင်လတွေတုန်းက နဲ့ယှဉ်ရင် နေ့စဉ်ပိုးတွေ့နှုန်းက ထက်ဝက်ကျော်ကျော် လောက်ကို လျော့ကျလာပါတယ်” ဟု နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 စက်တင်ဘာလ ၁၂ ရက်နေ့တွင်လည်း နေပြည်တော်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့ လူနာဦးရေမှာ ၃၁ ရှိခဲ့ပြီး ဇမ္ဗူသီရိမြို့နယ်တွင် ၁၀ ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် ၂ ဦး၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂ ဦး၊ ဇေယျာသီရိ မြို့နယ်တွင် ၂ ဦး၊ ပျဉ်းမနားမြို့နယ်တွင် ၆ ဦး၊ လယ်ဝေးမြို့နယ်တွင် ၈ ဦး၊ နေပြည်တော်ပြင်ပ မှဝင်လာသူထံမှ တစ်ဦး စုစုပေါင်း ၃၁ ဦးတို့ဖြစ်ကြကြောင်း၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ ပိုးတွေ့လူနာ ဦးရေ စုစုပေါင်း ၁၃၆၅၅ ဦးအနက် ဇမ္ဗူသီရိမြို့နယ်က ၄၉၃၅ ဦးဖြင့် အများဆုံးတွေ့ရှိထား ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here