ပြောင်းစိုက်ပျိုး ထုတ်လုပ်သူများနှင့် မွေးမြူရေးတောင်သူ များအတွက်ပါ အကျိုးကျေးဇူးရှိစေမည့် ပြောင်းချဉ်ဖတ်များ ပြုလုပ်ကာ ပြည်ပသို့ တင်ပို့သွားမည်

0
195

ပြောင်းစိုက်ပျိုး ထုတ်လုပ်သူများနှင့် မွေးမြူရေးတောင်သူ များအတွက်ပါ အကျိုးကျေးဇူးရှိစေမည့် ပြောင်းချဉ်ဖတ်များ ပြုလုပ်ကာ ပြည်ပသို့ တင်ပို့သွားမည်

နေပြည်တော် စက်တင်ဘာ ၂၈

 နိုင်ငံအတွင်းရှိ ပြောင်းစိုက်ပျိုးထုတ်လုပ်သူများနှင့် တိရိစ္ဆာန်မွေးမြူရေးတောင်သူများအတွက်ပါ အကျိုးကျေးဇူးများရရှိစေမည့် ပြောင်းချဉ် ဖတ် တိရစ္ဆာန်အစာများပြုလုပ်ကာ ပြည်တွင်းဈေးကွက်၌သာမက ပြည်ပဈေးကွက်ထိပါ တင်ပို့သွားရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

  လက်ရှိတွင် မြန်မာနိုင်ငံ၌ရာသီဥတုညီမျှမှုမရှိသည့်အတွက် အခြေခံအားဖြင့်နှစ်တစ်နှစ်၏ ခြောက်လခန့်မှာ ခြောက်သွေ့သည့် ရာသီဥတု များဖြစ်၍ တိရစ္ဆာန်များအနေဖြင့် စိမ်းစိုး၍အာဟာရဖြစ်သည့် အစာများကိုစားရခြင်းမရှိ၍ အစာခြောက်များသာ ကျွေးမွေးနေခြင်းကြောင့် အဆိုပါ ခြောက်လအတွင်း နိုင်ငံအတွင်းရှိတိရစ္ဆာန်များ၏ ကြီးထွားမှုနှုန်း၊ မျိုးအောင်နှုန်း၊ အသားတိုးနှုန်းနှင့် နို့ထွက်နှုန်းများကျဆင်း ခြင်းများရှိနေ၍ တိရစ္ဆာန်အစာပင်ဖြစ်သည့် ပြောင်းပင်အမျိုးမျိုး၊ မြက်အမျိုးမျိုး၊ ပဲမျိုးနွယ်ဝင် အုပ်စုများကို စနစ်တကျရိတ်သိမ်း ဖြတ်တောက်၍ လေကင်းမဲ့အောင်ပြုလုပ်ပြီးအချဉ်ဖောက်ကာ နှစ်နဲ့ချီ၍ထိန်းသိမ်းထားရှိကာ တိရစ္ဆာန်များကိုကျွေးမွေးနိုင်ရေး ပြောင်းပင်များ ကို ချဉ်ဖတ်များပြုလုပ်ကာ ပြည်တွင်း၌သာမက ပြည်ပဈေးကွက်သို့လည်း တင်ပို့နိုင်ရေးစီစဉ် ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သိရသည်။

 “ အခုဆိုရင် နေပြည်တော်၊ လယ်ဝေးမြို့နယ်က ကျေးရွာငါးရွာမှာ သမဝါယမအသင်းဖွဲ့ပြီးတော့ ပြောင်းစိုက်ပျိုးထုတ်လုပ်သူတွေကနေ ပြောင်းချဉ်ဖတ်တွေစလုပ်ဖို့ စီစဉ်နေပါပြီ။ ဒီလိုတိရစ္ဆာန်အစာချဉ်ဖတ် တွေပြုလုပ်ရတဲ့ရည်ရွယ်ချက်က အစာရှားပါးတဲ့ခြောက်သွေ့ ကာလတွေမှာ အစာရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ဖို့နဲ့ အဲ့ဒီခြောက်သွေ့ကာလတွေမှာ ကျွဲ၊ နွား၊သိုး၊ ဆိတ်တွေကို အာဟာရပြည့်ဝတဲ့ အစာတွေ ကျွေးနိုင်ဖို့အတွက်ပါ။ ဒီအစာချဉ်ဖတ်တွေက အနည်းဆုံး ၂ နှစ်၊ သုံးနှစ်လောက် ထိအထားခံတော့ ကြာကြာအထားခံပြီး ကျွေးမွေးနိုင်တာပေါ့” ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ခြောက်သွေ့သည့်ကာလများတွင် ကောက်ရိုးကဲ့သို့ အာဟာရဓာတ်နည်းပါးသည့် အစာကြမ်းများကို ကျွေးရသည့်အတွက် တိရစ္ဆာန် များတွင် ကြီးထွားမှုနှေးခြင်း၊ ဇီးရရှိရန်ခက်ခဲခြင်း၊ လုပ်အားစွမ်းအင်ကျဆင်းခြင်း၊ နို့ထုတ်လုပ်မှုကျဆင်းခြင်း၊ အသားတိုးနှုန်း ကျဆင်းခြင်းတို့ဖြစ်ပေါ်ပြီး စီးပွားရေးအရ ဆုံရှုံးမှုများလည်းဖြစ်ပေါ်စေကြောင်း၊ ထိုသို့မဖြစ်ပေါ်စေရန်အတွက် အာဟာရဓာတ်ကြွယ်ဝ သည့် ချဉ်ဖတ်ပြုလုပ်ကျွေးမွေးခြင်းသည် အစာအတွက် ကုန်ကျစရိတ်သက်သာ သည့်အပြင် တိရစ္ဆာန်များ၏ ထုတ်လုပ်မှုကိုပါ မြင့်မားစေ ခြင်းကြောင့် စီးပွားရေးအရတွက်ခြေကိုက်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here