မူဆယ်ဒေသတွင်ဖွင့်လှစ်မည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာများကုသရေးစင်တာအတွက် တရုတ်ပညာရှင်အချို့ ကူညီမည်ဖြစ်ပြီး ပြည်တွင်းဘော်လန်တီယာ ဦးရေ ၁၀၀ ကိုလည်း သင်တန်းပေးနေ

0
97

မူဆယ်ဒေသတွင်ဖွင့်လှစ်မည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာများကုသရေးစင်တာအတွက် တရုတ်ပညာရှင်အချို့ ကူညီမည်ဖြစ်ပြီး ပြည်တွင်း ဘော်လန်တီယာ ဦးရေ ၁၀၀ ကိုလည်း သင်တန်းပေးနေ

နေပြည်တော် စက်တင်ဘာ ၃၀

 မူဆယ်ဒေသတွင် လက်ရှိတည်ဆောက်ဆောင်ရွက်ပြင်ဆင်နေသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ထားရှိကုသရေးစင်တာအတွက် ဆေးပညာရှင် များအချို့ကို တရုတ်နိုင်ငံဘက်မှကူညီပေးမည်ဖြစ်ပြီး လိုအပ်သည့် သူနာပြုများအတွက် ပြည်တွင်းရှိ ဘော်လန်တီယာဦးရေ ၁၀၀ ခန့်ကိုလည်း လက်ရှိတွင် သင်တန်းများပေးနေပြီဖြစ်ကြောင်း သိရသည်။

 တရုတ်နိုင်ငံသို့ မြန်မာ့လယ်ယာထွက်ပို့ကုန်များ အမြန်ဆုံးပြန်လည် တင်ပို့နိုင်ရန်အတွက် မူဆယ်နယ်စပ် ကျင့်စမ်းကျော့ ကုန်သွယ်ရေး ဂိတ်ကို အမြန်ဆုံးဖွင့်လှစ်နိုင်ရန် တရုတ်နိုင်ငံဘက်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရရှိရာ တရုတ်နိုင်ငံမှ မြန်မာဘက်မှ ကိုဗစ်-၁၉ ရောဂါအခြေအနေများ ကင်းရှင်းသည့် အခြေအနေများအရ ခွင့်ပြုပေးမည်ဖြစ်ရာ မူဆယ်ဒေသတွင် ကုန်တင်ပို့မည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို ကိုဗစ်-၁၉ စစ်ဆေးကာ ပိုးတွေ့ရှိပါက ထားရှိကုသနိုင်မည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ကုသရေး စင်တာတစ်ခုကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ စင်တာအတွက် လိုအပ်နေသည့် ဆေးပညာရှင်များအတွက် တရုတ်နိုင်ငံ ဘက်မှ ကူညီပံ့ပိုးပေးမည်ဖြစ်ပြီး ပြည်တွင်းမှလည်း လိုအပ်မည့်သူနာပြုများအတွက် ဘော်လန်တီယာဦးရေ ၁၀၀ ခန့်ရရှိထားကာ သင်တန်း များပေးလျက်ရှိကြောင်း သိရသည်။

 “ ဒီကိုဗစ်စင်တာက စလို့တော့ရနေပြီပေါ့။ တရုတ်နိုင်ငံဘက်ကတော့ တစ်ပတ်လောက်ထပ်စောင့် ကြည့်ဦးမယ်ဆိုပြီးပြောပါတယ်။ ကျွန်တော်တို့ အရင်မျှော်မှန်းထားသလို ဒီစက်တင်ဘာလမကုန်မီက ဖွင့်နိုင်ခြေနည်းနေပါတယ်။ ဖွင့်တဲ့အချိန်အတွက်တော့ ကြိုတင် ပြင်ဆင်မှု တွေတော့ လုပ်နေရတာပေါ့။ ပြီးတော့ အခုနောက်ဆုံး ဆွေးနွေးညှိနှိုင်းမှု သဘောတူချက်အရတော့ စင်တာမှာ ကုသမဲ့၊ စစ်ဆေးမဲ့ ဆေးပညာရှင်အချို့ ကူညီပေးမယ်လို့ပြောပါတယ်။ ကျွန်တော်တို့ဘက်မှာတော့ ပညာရှင်မဟုတ်တဲ့ ဘော်လန်တီယာ ဦးရေ ၁၀၀ လောက်တော့ရနေပါပြီ။ သင်တန်းပေးနေပါတယ်။ ပညာရှင်အခက်အခဲကတော့ အဆင်ပြေသွားတဲ့ အခြေအနေမှာ ရှိပါတယ်။” ဟု စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 အဆိုပါ မူဆယ်ဒေသတွင် ဆောင်ရွက်ထားသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာများထားရှိကုသရေး စင်တာမှာ လူဦးရေ ၁၀၀၀ ဆံ့သည့် စင်တာ တစ်ခုဖြစ်ပြီး ကျင့်စန်းကျော့ဂိတ်ဖွင့်လှစ်ချိန်တွင် တစ်ပြိုင်နက် ဖွင့်လှစ်ကာ စစ်ဆေးကုသနိုင်ရေး စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here