တိရစ္ဆာန်အစာဖြစ်သည့် ပြောင်းချဉ်ဖတ်များ ပြုလုပ်ကာ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေး စိတ်ဝင်စားသည့် ပြည်တွင်းကုမ္ပဏီ ၇ ခုထိရှိထား

0
822

တိရစ္ဆာန်အစာဖြစ်သည့် ပြောင်းချဉ်ဖတ်များပြုလုပ်ကာ တရုတ်နိုင်ငံသို့တင်ပို့နိုင်ရေး စိတ်ဝင်စားသည့် ပြည်တွင်းကုမ္ပဏီ ၇ ခုထိရှိထား

နေပြည်တော် အောက်တိုဘာ ၆

 တိရစ္ဆာန်အစာဖြစ်သည့် ပြောင်းပင်များကို ကြာရှည်အထားခံသည့် ပြောင်းချဉ်ဖတ်များပြုလုပ်ကာ တရုတ်နိုင်ငံသို့ တင်ပို့သွားနိုင်ရေး အတွက် ပြည်တွင်းမှ စိတ်ဝင်စားသည့် ကုမ္ပဏီ ၇ ခုထိ ရှိထားပြီး နိုင်ငံအတွင်းပြောင်းစိုက်ဧကများ တိုးချဲ့စိုက်ပျိုးသွားမည် ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ကျွဲ၊ နွား၊ ဆိတ် အရှင်များကို ဝယ်ယူလျက်ရှိပြီး အခြားနိုင်ငံများမှလည်း ဝယ်ယူလျက် ရှိသည်ဖြစ်ရာ ၎င်းနိုင်ငံအတွင်းရှိ တိရစ္ဆာန်များအတွက် အစာလိုအပ်ချက်များ ရှိနေသည်ဖြစ်၍ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ တိရစ္ဆာန် အစာဖြစ်သည့် ပြောင်းချဉ်ဖတ်များဝယ်ယူလိုကြောင်း ကမ်းလှမ်းလာမှုများ ရှိထားကြောင်း၊ ပြည်တွင်းမှလည်း တင်ပို့လိုသည့် ကုမ္ပဏီ ၇ ခုထိ စိတ်ဝင်စားကာ လျှောက်ထားမှုများရှိထားကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ပြောင်းချဉ်ဖတ် များ တင်ပို့နိုင်ရေးအတွက် တောင်သူများကိုပညာပေးမှုများ ပြုလုပ်ကာ ပြောင်းစိုက်ဧကများ တိုးချဲ့စိုက်ပျိုးသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 “ တရုတ်နိုင်ငံက မြန်မာနိုင်ငံက တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်တွေကို ဝယ်ယူလိုတယ်ဆိုပြီး ကမ်းလှမ်းထားတာရှိပါတယ်။ ပြည်တွင်းကလဲ စိတ်ဝင်တစားတင်ပို့ဖို့လျှောက်ထားလာတဲ့ ကုမ္ပဏီ ၇ ခုထိ ရှိထားတာပါ။ ကျွန်တော်တို့အနေနဲ့ တင်ပို႔လိုတဲ့ သူတွေအတွက် SOP တွေရေးဆွဲထားတာလဲရှိပါတယ်။ ချဉ်ဖတ်ကို စနစ်တကျပြုလုပ်ရင် နှစ်နဲ့ချီအထားခံတဲ့အတွက် ပြောင်းစိုက်တဲ့ တောင်သူတွေရော တိရစ္ဆန်မွေးမြူတဲ့သူတွေပါ အကျိုးကျေးဇူးရှိပါတယ်။ အခုဆို နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တောင်သူ ၅ ဦးနဲ့ စနစ်တကျ ပြောင်းတွေစိုက်ပျိုးပြီး ပြောင်းချဉ်ဖတ်ထုတ်လုပ်ဖို့ စီစဉ်နေပါပြီ” ဟု မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်အောင်ကပြောသည်။

 လက်ရှိတွင် ပြည်ပသို့ ပြောင်းချဉ်ဖတ်များ တင်ပို့လိုသည့် ကုမ္ပဏီများနှင့် စိုက်ပျိုးထုတ်လုပ်သူများ အတွက် စိုက်ပျိုးရေးဦးစီးဌာန နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ SOP များရေးဆွဲထားပြီး မြန်မာနိုင်ငံမှ တင်ပို့မည့်ပြောင်းချဉ်ဖတ်များကို တရုတ်နိုင်ငံ အကောက်ခွန်ဌာန GACC ၏သတ်မှတ် တောင်းဆိုချက်များ ဖြစ်သည့် အရေပြားအကြိတ်နာရောဂါ၊ ခွာနာလျှာနာရောဂါနှင့်လျှာပြာ ရောဂါ အစရှိသည့် ရောဂါသုံးမျိုးလုံး ပြောင်းစိုက်ပျိုးထုတ်လုပ်သည့်ဒေသများတွင် ကင်းရှင်းရမည့်အချက်အတွက် ကချင်ပြည်နယ်တွင် မြစ်ကြီးနား၊ ဗန်းမော်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လားရှိုးမြို့နယ်တို့တွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ လွန်ခဲ့သော ၁၂ အတွင်း အဆိုပါရောဂါသုံးမျိုးလုံး ကင်းရှင်းကြောင်းစစ်ဆေးတွေ့ရှိထားပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here