အသက်၁၂နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေးထိုးခြင်း အောက်တိုဘာ ၁၆တွင် စတင်မည်

0
165

အသက်၁၂နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေးထိုးခြင်း အောက်တိုဘာ ၁၆တွင် စတင်မည်

(၂၀၂၁-၂၀၂၂)ခုနှစ်၊ ပညာသင်နှစ်၌ ကျောင်းအပ်နှံထားပြီး ကျောင်းတက်ရောက်သည့် အခြေခံပညာအလယ်တန်းနှင့် အထက် တန်းကျောင်းသား၊ ကျောင်းသူ ရည်မှန်းဦးရေ (၁) သန်းခန့် ကို အောက်တိုဘာ ၁၆ရက်ကစပြီး ကာကွယ်ဆေးထိုးနှံ ပေးမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများပညာ သင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အခြေခံပညာကျောင်းသား၊ ကျောင်းသူများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား၊ သေဆုံးမှုကို လျှော့ချရန်နှင့် ကျောင်းသား၊ ကျောင်းသူများမှတဆင့် မိသားစုနှင့်ပတ်ဝန်းကျင်သို့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်အတွက် ဟု ကျန်းမာရေးဝန်ကြီးဌာနကပြောကာ ကာကွယ်ဆေး ပထမအကြိမ် ဆေးထိုးနှံမည့်ရက်ကို (၁၆-၁၀-၂၀၂၁) မှ (၁၂-၁၁-၂၀၂၁)ထိ လည်းကောင်း၊ကာကွယ်ဆေး ဒုတိယအကြိမ် ဆေးထိုးနှံမည့်ရက်ကို(၁၃-၁၁-၂၀၂၁) မှ (၁၀-၁၂-၂၀၂၁)ထိလည်းကောင်း အသီးသီးသတ်မှတ်ထားသည်။

ကျောင်းသား၊ ကျောင်းသူဦးရေ နည်းသည့် မြို့နယ်များတွင် အဆိုပါ သတ်မှတ်ရက်မတိုင်မီ ထိုးနှံ ပြီးနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက မျှော်မှန်းသည်။

ကာကွယ်ဆေးထိုးနှံပေးမှုတွင် ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများ၊ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ ပါဝင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here