နေပြည်တော်တွင် ယခုနှစ် မိုးစပါး လျာထားဧကထက် ဧက ၃၁၀၀ ကျော် ပိုမိုစိုက်ပျိုးထားနိုင်

0
84

နေပြည်တော်တွင် ယခုနှစ် မိုးစပါး လျာထားဧကထက် ဧက ၃၁၀၀ ကျော် ပိုမိုစိုက်ပျိုးထားနိုင်

နေပြည်တော် အောက်တိုဘာ ၁၂

နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း ယခုနှစ်မိုးစပါးစိုက်ရာသီတွင် စိုက်ဧက ၁၇၁၃၇၆ ဧက စိုက်ပျိုးပြီးစီးထားပြီဖြစ်ရာ လျာထားဧကထက် ဧကပေါင်း ၃၁၆၄ ဧကထိ ပိုမိုစိုက်ပျိုးထားနိုင်ကြောင်း ပြည်ထောင်စုနယ်မြေ စိုက်ပျိုးရေးဦးစီးဌာန(နေပြည်တော်)မှ သိရသည်။

ယခုနှစ် မိုးစပါးစိုက်ရာသီတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်ရှစ်မြို့နယ်တွင် မိုးစပါးစိုက်ဧကပေါင်း ၁၆၈၂၁၂ ဧက စိုက်ပျိုးရန်လျာထားစိုက်ပျိုးခဲ့ရာ လက်ရှိချိန်ထိ မိုစပါးစိုက်ဧကပေါင်း ၁၇၁၃၇၆ ဧကထိ စိုက်ပျိုးထားနိုင်ပြီးဖြစ်ရာ လျာထားဧကထက် မိုးစပါးစိုက်ဧကပေါင်း ၃၁၆၄ ဧက ကို ပိုမိုစိုက်ပျိုးထားနိုင်ကြောင်း၊ ယခုအောက်တိုဘာလကုန်တွင် မိုးစပါးစိုက်ပျိုးမှုများအားလုံး ကွင်းပိတ်ပြီးစီးမည် ဖြစ်ရာ ထပ်မံ၍ မိုးစပါးစိုက်ဧကများ ပိုများလာနိုင်ဦးမည်ဖြစ်ကြောင်း သိရသည်။

“ နေပြည်တော်ရှစ်မြို့နယ်မှာ ဒီနှစ်မိုးစပါးစိုက်ဧကက လျာထားဧကထက် ဧကပေါင်း ၃၁၀၀ ကျော်ကို ပိုပြီးစိုက်ပျိုးထားနိုင်ပါတယ်။ ဒီနေ့ချိန်ထိပေါ့။ ဒီလကုန်မှာ ကွင်းပိတ်မှာဆိုတော့ အခုစိုက်နေတာ တွေနဲ့ရောဆိုရင် နောက်ထပ် စိုက်ဧကတွေပိုတိုးလာနိုင်ပါသေးတယ်။ အခုအခြေအနေက လျာထားချက်ထက် ပိုကျော်ပြီးစိုက်ပျိုးထားနိုင်နေတယ်။ ရာခိုင်နှုန်းအနေနဲ့ဆိုရင် ၁၀၁ ဒသမ ၈၈ ရာခိုင်နှုန်း ထိ ကျော်ပြီးစိုက်ပျိုးထားနိုင်ပါတယ်” ဟု အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ နေပြည်တော်ပြည်ထောင်စုနယ်မြေတွင် စိုက်ပျိုးပြီးစီးပြီးဖြစ်သည့် မိုးစပါးစိုက်ဧကများမှာ တပ်ကုန်မြို့နယ်တွင် ၄၆၄၄၅ ဧကလျာထားခဲ့ပြီး ၄၈၆၄၀ စိုက်ပျိုးထားနိုင်ကြောင်း၊ ဇေယျာသီရိမြို့နယ်တွင် ၁၂၂၉၀ ဧက လျာထားခဲ့ပြီး ၁၂၂၉၇ ဧက စိုက်ပျိုးထားနိုင်ကြောင်း၊ ပုဗ္ဗသီရိမြို့နယ်တွင် ၁၁၈၀၇ ဧက လျာထားခဲ့ပြီး ၁၁၉၅၂ ဧက စိုက်ပျိုးထားနိုင်ကြောင်း၊ ဥတ္တရသီရိမြို့နယ်တွင် ၁၁၅၁၄ လျာထားခဲ့ရာ ၁၁၅၁၄ စိုက်ပျိုးထားနိုင်ကြောင်း၊ ပျဉ်းမနားမြို့နယ်တွင် ၁၆၁၈၀ လျာထားခဲ့ရာ ၁၆၀၃၄ ဧကစိုက်ပျိုးထားနိုင်ကြောင်း၊ လယ်ဝေးမြို့နယ်တွင် ၆၂၁၀၀ ဧက လျာထားခဲ့ပြီး လက်ရှိတွင် ၆၂၆၄၆ ဧက စိုက်ပျိုးထားနိုင်ကြောင်း၊ ဇမ္ဗူသီရိမြို့နယ်တွင် ၁၃၀၂ ဧက လျာထားခဲ့ပြီး ၁၁၈၆ ဧက စိုက်ပျိုးထားနိုင်ကြောင်း၊ ဒက္ခိဏသီရိမြို့နယ်တွင် ၆၅၇၂ ဧက လျာထားခဲ့ပြီး လက်ရှိချိန်ထိ ၇၁၀၇ ဧက စိုက်ပျိုးထားနိုင်ပြီး စုစုပေါင်း ဧက ၃၁၆၄ ဧက ကိုပိုမိုစိုက်ပျိုးထားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here