(၆)လအတွင်း နေပြည်တော်၌ ကြံစိုက်ဧက ၁၄၀၀၀ စိုက်ပျိုးရန် လျာထား

0
130

(၆)လအတွင်း နေပြည်တော်၌ ကြံစိုက်ဧက ၁၄၀၀၀ စိုက်ပျိုးရန် လျာထား

နေပြည်တော် အောက်တိုဘာ ၁၄

နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်း ယခုမီနီဘတ်ဂျတ် ခြောက်လတာကာလ ကြံစိုက်ရာသီတွင် ကြံစိုက်ဧက ၁၄၀၀၀ ထိ တိုးမြှင့်စိုက်ပျိုးသွားရန် ပြည်ထောင်စုနယ်မြေ၊ တိုင်းစိုက်ပျိုးရေးဦးစီးဌာန(နေပြည်တော်)မှ သိရသည်။

ယခု မီနီဘတ်ဂျတ် အောက်တိုဘာလမှ လာမည့် မတ်လထိ ခြောက်လတာကာလ ကြံစိုက်ရာသီတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ကြံစိုက်ဧက ၁၄၀၀၀ ထိစိုက်ပျိုးသွားမည်ဖြစ်ပြီး ယခင်ဘဏ္ဍာနှစ် ကြံစိုက်ရာသီကာလထက် ဧက ၁၀၀၀ ကိုတိုးမြှင့်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ စိုက်ပျိုးရာတွင် လာမည့် ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးကြရမည်ဖြစ်ကြောင်း သိရသည်။

“ ဒီ မီနီဘတ်ဂျတ်မှာက သကြားဈေးတွေကလဲ ကောင်းနေတာကြောင့် တောင်သူတွေအနေနဲ့ကလဲ အရင်နှစ်ထက် ပိုပြီး ကြံစိုက်ဖို့စိတ်ဝင်စားမှုရှိနေကြပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကြံစိုက်ရာသီမှာ နေပြည်တောမှာက ကြံစိုက်ဧက ၁၃၀၀၀ လျာထားစိုက်ပျိုးခဲ့တာပါ။ လျာထားချက်ကို ပြည့်မှီအောင်တော့ မစိုက်ပျိုးနိုင်ခဲ့ကြဘူး။ တောင်သူတွေက အခြားသီးနှံစိုက်ကြတာတွေရှိခဲ့တာပေါ့။ ဒီနှစ်က သကြားဈေးကလဲ ကောင်းနေတော့ ဧက ၁၀၀၀ ပိုပြီးတိုးမြှင့်စိုက်ပျိုးဖို့ လျာထားပါတယ်” ဟု ပြည်ထောင်စုနယ်မြေ၊ တိုင်းစိုက်ပျိုးရေးဦးစီးဌာန(နေပြည်တော်) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုမီနီဘတ်ဂျတ်ကာလတွင် စိုက်ပျိုးမည့် ကြံစိုက်ဧကများမှာ ပျဉ်းမနားမြို့နယ်တွင် ၁၃၅၀ ဧက၊ လယ်ဝေးမြို့နယ်တွင် ဧက ၆၅၀၀၊ ဒက္ခိဏသီရိမြို့နယ်တွင် ဧက ၂၀၀၊ တပ်ကုန်းမြို့နယ်တွင် ဧက ၈၀၀၊ ဇေယျာသီရိမြို့နယ်တွင် ဧက ၁၀၀၀၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၁၀၀ ဧကနှင့် ဥတ္တရသီရိမြို့နယ်တွင် ဧက ၂၀၅၀ စုစုပေါင်း ကြံစိုက်ဧက ၁၄၀၀၀ တို့ဖြစ်ကြကြောင်း သိရသည်။

Photo Credit – Agri Digit News


LEAVE A REPLY

Please enter your comment!
Please enter your name here