အာဆီယံအနေနဲ့ နစကကိုပဲပြောမနေဘဲ တစ်ဖက်အဖွဲ့အစည်းတွေကိုလည်း ပြောဖို့လိုသေးတယ်လို့ နစကဥက္ကဋ္ဌဆို

0
213

အာဆီယံအနေနဲ့ နစကကိုပဲပြောမနေဘဲ တစ်ဖက်အဖွဲ့အစည်းတွေကိုလည်း ပြောဖို့လိုသေးတယ်လို့ နစကဥက္ကဋ္ဌဆို

နေပြည်တော်၊အောက်တိုဘာ ၁၈ရက်

တစ်ဖက်ရဲ့ အကြမ်းဖက်၊ လုယက်၊ သတ်ဖြတ်ဖျက်ဆီးတာတွေကို ဘယ်သူမှ အလေးအနက်ထား ဟန့်တားထိန်းသိမ်းမှုတွေ ပြုတာမတွေ့ရဘဲ ကျွန်တော်တို့ကိုပဲ တောင်းဆို မှုတွေ ပြုလုပ်ပြီးတော့မှ ကျွန်တော်တို့ပဲ ဒီပြဿနာကို ရှင်းလင်းနေရတာတွေကို အာဆီယံအနေနဲ့ ဆောင်ရွက်ပေးဖို့လိုမယ်လို့ နစကဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးမှာ နစကဥက္ကဋ္ဌကို အစည်းအဝေးတက်ရောက်ခွင့်မပေးဘဲ မြန်မာမှ နိုင်ငံရေးသမားမဟုတ်သူကို အစည်းအဝေးတက်ခွင့်ပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကျပြီးနောက် နစကခေါင်းဆောင်တစ်ယောက်ရဲ့ သဘောထားဘယ်လိုရှိနေမလဲ ဆိုတာ အများစိတ်ဝင်စားနေချိန်မှာပဲ နစကဘက်က သဘောထားတစ်ရပ်ကို ထုတ်ပြောလိုက်တာပါ။

“ အခုတလော မြန်မာနိုင်ငံနဲ့ အာဆီယံနိုင်ငံ ဆက်ဆံရေးအခြေ အနေများ ဖြစ်ပေါ်မှု နဲ့ ပတ်သက်ပြီး ကျွန်တော်အသိပေးလိုပါတယ်၊ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်း အဝေးမှာ မူအားဖြင့် ဘုံသဘောတူညီချက် (၅)ခု ရရှိခဲ့ပါတယ်၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်တာဝန်ပေးနိုင်ဖို့အတွက် အခက်အခဲအမျိုးမျိုးနဲ့ဆွေးနွေး ပြီးတဲ့ နောက်ပိုင်းမှာ ဩဂုတ်လ ၄ ရက်နေ့က ဘရူးနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး(၂)ကို ကျွန်တော် တို့သဘောတူခဲ့ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ သဘောတူညီချက်ကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးယဉ်ကျေးမှုနဲ့ အာဆီယံရဲ့ Charter များ နှင့်အညီ ဆောင်ရွက်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်၊ ဒီ ၅ ချက်ထဲက ပထမအချက်ကအရေးအကြီးဆုံးဖြစ်ပါတယ်၊ အကြမ်းဖက်မှုများအမြန်ဆုံး ရပ်ဆိုင်းရန် နဲ့ အားလုံးကထိန်းသိမ်းကြပ်မတ်ခြင်းဖြင့် အတတ်နိုင်ဆုံးဆောင်ရွက်ကြဖို့ ဖြစ်ပေမယ့်လည်း ဧပြီလ ကြေငြာချက်ထုတ်ပြန်ပြီးနောက်ပိုင်းမှာ CRPH နဲ့ NUG တို့ရဲ့ လှုံ့ဆော်မှု၊ EAO အချို့ရဲ့ ပါဝင် ပတ်သက်မှု အားပေးမှုများ နဲ့ အကြမ်းဖက်မှုများ ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်လာတာကို တွေ့ရှိရပါတယ်၊ ဒါကို ကျွန်တော်တို့ ယနေ့ထက်တိုင် ရှင်းလင်းနေရဆဲဖြစ်ပါတယ်။ သူတို့အကြမ်းဖက် လုယက် သတ်ဖြတ်ဖျက်ဆီးတာတွေကို ဘယ်သူမှ အလေးအနက်ထား ဟန့်တားထိန်းသိမ်းမှုတွေ ပြုတာမတွေ့ရပါဘူး၊ ကျွန်တော်တို့ကိုပဲ တောင်းဆို မှုတွေ ပြုလုပ်ပြီးတော့မှ ကျွန်တော်တို့ပဲ ဒီပြဿနာကို ရှင်းလင်းနေရတာ ဖြစ်ပါတယ်။ ဒါကိုအာဆီယံအနေနဲ့ ဆောင်ရွက်ပေးဖို့လိုမယ်လို့ ကျွန်တော်ပြောလိုပါတယ်”လို့ ပြောပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်နဲ့ ပတ်သတ်ပြီးတော့လည်း “တစ်ဆက်တည်းမှာပဲ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံ လာရောက်ရေးကိစ္စမှာလည်း အဆိုပြု တောင်းဆိုချက်များ အမျိုးမျိုး ဖြစ်ပေါ်လာတဲ့ အတွက်ကြောင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေရဆဲဖြစ်ပါတယ်၊ နိုင်ငံတစ်ခုဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးကို ပိုင်းခြားခွဲဝေပြီး ဆောင်ရွက်ပါတယ်။ လိုအပ်ချက်အရ သီးခြားထုတ်ပြန်တဲ့ အမိန့်နဲ့ဥပဒေများမှအပ ပိုင်းခြားဆောင်ရွက်မှု အတိုင်း လုပ်ကြရတာဖြစ်ပါတယ်၊ ကျွန်တော်တို့နိုင်ငံဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်နေတယ် ဆိုတာကြေငြာထားပြီးဖြစ်ပါတယ်၊ အာဆီယံကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုတွေမှာ ညှိနှိုင်းပြီးမရနိုင်တာတွေရှိပါတယ်၊ ဘယ်လိုပဲ ဖြစ်ပါစေ ကျွန်တော်တို့နိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ အကောင်း ဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ အာဆီယံအပေါင်း အစည်းအဝေးများကိုလည်း အာဆီယံရဲ့ အခြေခံမူများနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here