အာရှရေးရာ အထူးသံတမန် မြန်မာနိုင်ငံသို့ရောက်ရှိနေ

0
135

အာရှရေးရာ အထူးသံတမန် မြန်မာနိုင်ငံသို့ရောက်ရှိနေ

ဖေဖော်ဝါရီ ၁ရက်နေ့ နောက်ပိုင်း မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် ခရီးစဉ်အဖြစ် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ၊ အာရှရေးရာ အထူး သံတမန် မစ္စတာဆွန်ကော်ရှန်း ယခုရက်ထဲ ရောက်ရှိနေသည်ဟု နစက သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ပြောသည်။

ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံမည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

အာရှရေးရာ အထူး သံတမန် မစ္စတာဆွန်ကော်ရှန်း၏ ခရီးစဉ်အသေးစိတ်ကိုမူ မကြေညာသေးပေ။

မစ္စတာ ဆွန်ကော်ရှန်းသည် ၾသဂုတ်လ ၂၁ရက်မှ ၂၈ရက်အထိ မြန်မာနိုင်ငံသို့ တစ်ပါတ်ကြာ လာရောက်ခဲ့ပြီးနောက် ၂လခွဲအကြာတွင် ထပ်မံရောက်ရှိလာခြင်းဖြစ်သည်။

နိုင်ငံတကာ သံတမန်ရေးရာလေ့လာနေသူတစ်ဦးက “တရုတ်နိုင်ငံ အာရှရေးရာအထူးသံတမန်ရဲ့ ခရီးစဉ်ကို တော်တော်များများက စောင့်ကြည့်နေကြတာရှိပါတယ်။အများကြီးမျှော်လင့်ထားကြတဲ့ သူတွေ ရှိ သလို၊အချို့ကလည်း ထူးခြားနိုင်ပါ့မလားဆိုတဲ့ တွေးခေါ်စဉ်းစားမှုတွေလည်းရှိနေပါတယ်။မစ္စတာဆွန်ကော်ရှန်းက NLD အစိုးရလက်ထက်၊ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက်တွေမှာ အကြိမ်ကြိမ်လာခဲ့ဖူးတယ်။နောက်ပြီး နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လေးစားမှုကိုလည်း ရထားတယ်။ဒီတော့ အခု တစ်ခေါက်ခရီးစဉ်က လက်မလွတ်တမ်း စောင့်ကြည့်ရမယ့် ခရီးစဉ်တစ်ခုပဲ”ဟု မှတ်ချက်ပြုသည်။

တွေ့ဆုံသင့် တွေ့ဆုံထိုက်သူများနှင့် တွေ့ဆုံနိုင်လိမ့်မည်ဟုလည်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်နေသူများက မျှော်လင့်နေကြသည်။

မကြာမီကာလအတွင်း တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ ထိပ်သီးအစည်းအဝေး ကျင်းပဖို့ရှိနေကာ ယင်းအစည်းအဝေးနှင့် ယခုခရီးစဉ်က ဆက်စပ်နိုင်သည်ဟု ထင်မြင်ယူဆနေသူများပါ ရှိနေကြသည်။

ယခု နိုဝင်ဘာလထဲမှာပင် မြန်မာနိုင်ငံသို့ ကမ္ဘာအင်အားကြီးနိုင်ငံများမှ အထူးကိုယ်စားလှယ်အချို့၊တာဝန်ရှိသူအချို့၊ ဧည်သည့်အချို့ ဆက်တိုက်ရောက်ရှိလာနေသည်။

နိုဝင်ဘာ ၂ရက်က အမေရိကန်ပြည်ထောင်စု နယူးမက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်ပြီး ဝါရင့်သံတမန်တယောက်လည်း ဖြစ်သည့် မစ္စတာ ဘီလ်ရစ်ချတ်ဆန်၊နိုဝင်ဘာ ၁၂ ရက်က ရုရှား-မြန်မာစစ်ဘက်နည်းပညာပူး‌ပေါင်းဆောင်ရွက်ရေးပူးတွဲကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့၊နိုဝင်ဘာ ၁၃ရက်က မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ H.E.Mr.Yohei SASAKAWA တို့၏ နေပြည်တော်ခရီးစဉ်က မြန်မာနိုင်ငံရေးအတွက် စောင့်ကြည့်စရာ ဖြစ်လာနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here