စားအုန်းဆီဈေးနှုန်း တရိတ်ရိတ်မြင့်တက်လာ၍ ထိန်းကျောင်းပေးနေဟုဆို

0
304

စားအုန်းဆီဈေးနှုန်း တရိတ်ရိတ်မြင့်တက်လာ၍ ထိန်းကျောင်းပေးနေဟုဆို

ပြည်တွင်း စားအုန်းဆီဈေးနှုန်းများ ပြီးခဲ့သည့် ဖေဖော်ဝါရီလ လကုန်ပိုင်းကစ၍ တရိတ်ရိတ်တက်လာခဲ့သောကြောင့်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်း ဖြစ်ပေါ်စေရန် ထိန်းကျောင်းပေးနေကြောင်း အဆိုပါ ဝန်ကြီးဌာနကပြောသည်။

စားအုန်းဆီ အဓိကတင်ပို့ရောင်းချနေသည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသော FOB ဈေးနှုန်းများအပေါ် အခြေခံ၍ မတ်လ ၇ ရက်မှ ၁၃ ရက်အထိ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အနိမ့်ဆုံး ငွေကျပ် ၅၉၄၀ ကျပ် မှ အမြင့်ဆုံး ၆၅၇၅ ကျပ် ဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ရောင်းပေးနေကြောင်း စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ က သိရသည်။

သို့သော်လည်း လက်လီတစ်ပိဿာကို မတ်လ ၇ ရက်နံနက်က ၈၀၀၀ ကျပ်ဖြင့် ရောင်းချနေကြကြောင်း ရန်ကုန်မြို့တိုင်းဒေသကြီး၊ပုစွန်တောင်မြို့နယ် ေဒေသခံတစ်ဦးက ပြောသည်။

“အရင် ဖေဖော်ဝါရီလ လလယ်လောက်က ဆိုရင် တစ်ပိဿာကို ၅၀၀၀ လောက် ရှိတယ်၊အခု ဈေးနဲ့ဆိုရင် တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ထိ ဈေးတက်သွားတယ်၊ဒီလို ဈေးတက်နေရင် ကျွန်တော်တို့ အနေနဲ့ အခု ဖွင့်ထားတဲ့ စားသောက်ဖွယ်ဆိုင်မှာလည်း တက်ဈေး ၊ ကျဈေး လုပ်မယ်လို့တော့ စဉ်းစားနေတယ်။ဒါပေမယ့် လူတွေကကော အရင်လိုဝယ်စားနိုင်ပါအုံးမလား”ဟုယင်းဒေသခံက သူဖွင့်ထားသည့် လဘက်ရည်နှင့် မြန်မာစားဖွယ်စုံဆိုင်ကို ရည်ညွှန်း ပြောပြသည်။

စားသုံးဆီ ဈေးကွက်အတွင်း စားအုန်းဆီနှင့် ပဲရောဆီများကို ဝယ်ယူစားသုံး သူများပြားသော်လည်း ပြည်တွင်းထုတ်လုပ်နိုင်မှု မလုံလောက်သောကြောင့်မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှ နှစ်စဉ် တန်ချိန် ၇ သိန်းခန့် တင်သွင်းနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ – ၂၀၂၂ ဘဏ္ဍာနှစ် ၏ မီနီဘတ်ဂျက်ကာလတွင် ပြည်ပစားအုန်းဆီ တန်ချိန် နှစ်သိန်းသုံးသောင်း ကျော်သာ တင်သွင်းခဲ့ပြီး ယခင်နှစ်များထက် ၉၂,၆၄၄ တန် လျှော့ချ တင်သွင်းခဲ့ ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here