ရန်ကုန် မရမ်းကုန်းမြို့နယ် မီးလောင်ကျွမ်းမှုတွင် နေအိမ်အချို့ပျက်စီးဆုံးရှုံးခဲ့

0
100

ရန်ကုန် မရမ်းကုန်းမြို့နယ် မီးလောင်ကျွမ်းမှုတွင် နေအိမ်အချို့ပျက်စီးဆုံးရှုံးခဲ့

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်၊ကျိုက်ဝိုင်းဘုရားလမ်းတွင် မတ် ၂၈ ရက်(ယနေ့) နံနက် ၉ နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှသိရသည်။

ဖြစ်စဥ်တွင် မီးစတင်လောင်ကျွမ်းခဲ့သည့် နေ အိမ်၌ မိသားစုဝင်များအလုပ်သွားရောက်လုပ် ကိုင်နေသည့် အချိန်၌ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။

“တစ်မိသားစုလုံးမရှိကြဘူး အလုပ်သွားနေကြတာနဲ့တူတယ် မီးခိုးတွေအများကြီးထွက်လာမှမီးလောင်နေမှန်းသိတာ အဲဒီအိမ်က ခြံဝင်းထဲမှာသပ်သပ်ရှိတဲ့အိမ် ခြံဝင်းထဲမှာက အိမ် ၆ လုံးရှိတယ်”ဟုရပ်ကွက်နေသူတစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်စဥ်အား မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများနှင့်ရပ်ကွက်နေသူများက Level 1 အဆင့်သတ်မှတ်ကာ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၉ နာရီ ၂၀ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး နံနက် ၉ နာရီ ၂၂ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် နေအိမ် ၄ လုံးမီးလောင်ပျက် စီးကာ နေအိမ် ၂ လုံးမှာလည်းအနည်းငယ်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

“လူထိခိုက်တာမရှိပါဘူး အမျိုးသမီးတစ်ယောက်ပဲ သူ့အိမ်မီးလောင်တဲ့အထဲပါသွားတော့ ဝမ်းနည်းစိတ်နဲ့သတိလစ်သွားတာပဲရှိပါတယ် အဲဒါကိုလည်း ကြက်ခြေနီအဖွဲ့တွေကပြုစုပေးခဲ့ပါတယ် စလောင်တဲ့အကြောင်းရင်းနဲ့ဆုံးရှုံးမှုတန်ဖိုးကတွက်ချက်နေဆဲပါပဲ”ဟုမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်၌ မီးလောင်မှုကြောင့်နေအိမ်ပျက်စီးဆုံးရှုံးခဲ့သည့် မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ရပ်ကွက်ဓမ္မာရုံ၌ ကူညီပံ့ပိုးမှုများပြုလုပ်ပေးသွားရန် တာဝန်ရှိသူများနှင့်ရပ်မိရပ်ဖများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here