ဆေးဘက်ဆိုင်ရာ တက္ကသိုလ်သုံးခုတွင် တက်​ရောက်သင်ကြားမည့်သူများအား နိုင်ငံတော်တာဝန်ထမ်းဆောင်မည်ဆိုပါက အခမဲ့သင်ကြားပေးမည်

0
139

ဆေးဘက်ဆိုင်ရာ တက္ကသိုလ်သုံးခုတွင် တက်​ရောက်သင်ကြားမည့်သူများအား နိုင်ငံတော်တာဝန်ထမ်းဆောင်မည်ဆိုပါက အခမဲ့သင်ကြားပေးမည်

လာမည့်ပညာသင်နှစ်တွင် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်သုံးခုဖြစ်သည့် ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာဆေး တက္ကသိုလ်နှင့်သူနာပြုတက္ကသိုလ် သုံးခုတွင်တက်ရောက်သင်ကြားမည့်ကျောင်းသားများအနေဖြင့် နိုင်ငံတော်တာဝန်ကိုထမ်းဆောင်မည်ဆိုပါက အခမဲ့ပညာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဌ ကပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၃/၂၀၂၂)ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားစဥ် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင်ဆေးတက္ကသိုလ်အသီးသီးသို့ တက်ရောက်ခဲ့သူများသည် မိမိတို့နိုင်ငံရှိဆေးရုံ များအတွက် လိုအပ်သည့် ပမာဏထက် များပြားလျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ သို့သော် အဆိုပါကျန်းမာရေး ဝန်ထမ်းအများစုသည် ပြည်သူ့ဆေးရုံများတွင် တာဝန် ထမ်းဆောင်မှု မရှိသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် လာမည့်ပညာသင်နှစ်များတွင် ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်တို့တွင် သင်ကြားသူများကို နိုင်ငံတော် အတွက် တာဝန်ထမ်းဆောင်မည်ဆိုပါက အခမဲ့ပညာရေး စနစ်ဖြင့် သင်ကြားပေးမည်ဖြစ်ပြီး နိုင်ငံတော်တာဝန်အား ထမ်းဆောင်လိုမှုမရှိသူများအနေဖြင့် ထိုက်သင့်သည့် အခကြေးငွေများ ပေးသွင်းရသည့် စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော်တို့က မဖြစ်မနေ ပညာရေး မြှင့်တင်မှုတွေကို လုပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ပညာရေးကို ဒီနှစ်မှာလည်း ငွေကုန်ကြေးကျခံပြီး လုပ်ပေးဖို့ ဆောင်ရွက်နေတာရှိပါတယ်။ တစ်ဖက်ကလည်း ငွေကုန်ကြေးကျ လုပ်ပေးနေသလို တစ်ဖက်က ပညာရေးကို တာဝန်ထမ်းဆောင်နေ သူတွေက လုပ်ချင်ကိုင်ချင်စိတ်ရှိအောင် လုပ်ဖို့လိုတယ်။ ဆရာ/ဆရာ မတွေ သင်နိုင်ဖို့၊ ကြားနိုင်ဖို့ လုပ်ဖို့လိုတယ်။ နံပါတ်(၁)အချက်က သူတို့အတွက် အာမခံချက်ရှိဖို့။ ဒီလိုသွားရမှာဖြစ်တယ်။ ဒါကြောင့် ပညာရေးမှာလည်း ကျွန်တော် အဆင့်ဆင့်ပြုပြင် ပြောင်းလဲမှုတွေ အခွင့်အရေးတစ်ခု ကျွန်တော်ဆောင်ရွက်ပေးနေပါတယ်။ သူတို့ကို ကျွန်တော်တို့ လိုအပ်တဲ့ Facilities ပေးဖို့လိုမယ်လို့ ကျွန်တော်ယူဆပါတယ်။”ဟုပြောကြားသည်။


ထို့ကြောင့် လာမည့်ပညာသင်နှစ်များတွင် ဆေးပညာဆိုင်ရာ တက္ကသိုလ်များနှင့် နည်းပညာဆိုင်ရာတက္ကသိုလ်များတွင် တက်ရောက်ပညာ သင်ကြားမည့်သူများကို သက်ဆိုင်ရာဘာသာရပ်များအလိုက် ထူးချွန်သူများကိုသာ ဦးစားပေး ရွေးချယ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ပညာရေးမူဝါဒနှင့်ပတ်သက်၍ ကောင်စီ ဝင်များအနေဖြင့် ထည့်သွင်းစဉ်းစား အကြံပြုကြစေလိုကြောင်း၊ ပညာရေးနှင့် ပတ်သက်၍ မိမိတို့အနေဖြင့်တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here