တွံတေးမြို့နယ်၏ NLD ပါတီအလုပ်အမှုဆောင်နေအိမ်နှင့်အောင်နိုင်ရေးအဖွဲ့ဝင်၏ နေအိမ်တို့ချိတ်ပိတ်ခံရ

0
195

တွံတေးမြို့နယ်၏ NLD ပါတီအလုပ်အမှုဆောင်နေအိမ်နှင့်အောင်နိုင်ရေးအဖွဲ့ဝင်၏ နေအိမ်တို့ချိတ်ပိတ်ခံရ

ရန်ကုန်တိုင်း၊တွံတေးမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ အလုပ်အမှုဆောင်ဦးအောင်ကိုလတ်၏နေအိမ်နှင့် NLD ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင် ကိုဖြိုးဝေအောင်တို့၏ နေအိမ်တို့ချိတ်ပိတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါ နေအိမ် ၂ လုံးအား နစက ၏လုံခြုံရေးအဖွဲ့ဝင်များက ဧပြီ ၄ ရက် နံနက်ပိုင်းက လာရောက်ချိတ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

NLD ပါတီ အလုပ်အမှုဆောင်ဦးအောင်ကိုလတ် ၏ တွံတေးမြို့နယ်၊တလုတ္တော်ကျေးရွာရှိ နေအိမ်နှင့် NLD ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင် ကိုဖြိုးဝေအောင်ပိုင်ဆိုင်သည့် တွံတေးမြို့၊ရွှေဆံတော်ရပ်ကွက်၊ရွှေဆံတော် ၁၀ လမ်းရှိ နေအိမ်တို့အား ချိတ်ပိတ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့သိရသလောက်ဆိုရင် မနက်ပိုင်းလေးတင် အိမ်နှစ်လုံးကိုချိတ်ပိတ်သွားတာ အကြမ်းဖက်အဖွဲ့တွေနဲ့ပတ်သက်နေတာကြောင့်ချိတ်ပိတ်တာလို့ ကပ်သွားတဲ့ဗီနိုင်းမှာရေးထားတယ်”ဟုတွံတေးမြို့နယ်နေသူတစ်ဦးကပြောသည်။

ဦးအောင်ကိုလတ်နှင့်ကိုဖြိုးဝေအောင်တို့၏ နေအိမ်များအား ချိတ်ပိတ်ခဲ့သဖြင့် အဆိုပါ နေအိမ်များအား ရောင်းချခြင်း၊ကျူးကျော်ဝင်ရောက်နေထိုင်ခြင်းများမပြုလုပ်ရန် ရေးသားထားသည့် ဗီနိုင်းများချိတ်ဆွဲခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့လည်း သွားမကြည့်ရဲဘူးလေ သူတို့လာပြီးအိမ်တွေကိုချိတ်ပိတ်တဲ့အချိန်မှာ စစ်သားတွေ ရဲတွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ထွေအုပ်ကလူကြီးတွေလည်းပါတယ် လာပြီးချိတ်ပိတ်သွားတုန်းက”ဟု ရွှေဆံတော်ရပ်ကွက်နေသူတစ်ဦးကပြောသည်။

ကိုဖြိုးဝေအောင်သည် တွံတေးမြို့နယ်ရှိ စိတ္တသုခကုသိုလ်ပြုအသင်း၏ ဒုဥက္ကဌဟောင်းတစ်ဦးဖြစ်ကာ အကြမ်းဖက်အဖွဲ့များနှင့်ဆက်စပ်ပတ်သက်မှုရှိသည်ဟုဆိုကာ ဖမ်းဝရမ်းထုတ်ခံထားရကြောင်း ရပ်ကွက်နေသူများထံမှသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here