ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသော အမှုနှစ်မှုအတွက် ယ​နေ့ ရုံးထုတ်စစ်ဆေးရန်ရှိ

0
249

ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသော အမှုနှစ်မှုအတွက် ယ​နေ့ ရုံးထုတ်စစ်ဆေးရန်ရှိ

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်အား NLD ရုံးမြေနေရာချထားမှုတွင် အဂတိလိုက်စားသည်ဟုဆိုကာ စွဲဆိုထားသော အမှု နှစ်မှုအတွက် ဧပြီ ၇ ရက်နေ့(ယ​နေ့)တွင် ရုံးထုတ်စစ်ဆေးကြားနာသွားရန်ရှိကြောင်း တရားရုံးနှင့်နီးစပ်သူ အသိုင်းအဝိုင်းအချို့ထံမှသိရသည်။

အဆိုပါ အမှုနှစ်မှုမှာ ပြင်ဦးလွင်မြို့နှင့်မြင်းခြံမြို့တို့တွင် NLD ရုံးတည်ဆောက်ရန် မြေနေရာချထားပေးရာ၌ အဂတိလိုက်စားသည်ဟုဆိုကာ စွဲဆိုထားသော အမှုတို့ဖြစ်ကြောင်းသိရသည်။

ယင်း အမှု နှစ်မှုအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက အဂတိလိုက်စားမှုဥပဒေပုဒ်မ ၅၅/၅၆တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်းသိရသည်။

အမှု နှစ်မှုနှင့်ပတ်သက်၍ ဧပြီ ၇ ရက်နေ့တွင် မန္တလေးမြို့ အိုးဘိုအကျဥ်းထောင် အထူးသီးသန့်တရားရုံးတွင် ဒေါက်တာဇော်မြင့်မောင်အား တရားခံစစ်အဆင့်ဖြစ် စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

“ဒေါက်တာဇော်မြင့်မောင်ကို တရားခံစစ်အဖြင့်နဲ့ ရုံးထုတ်စစ်ဆေးမယ်။ မနက်ဖြန်တော့ အပြီးစစ်မယ်ထင်တယ်။ သူ့ကိုစစ်ပြီးတာနဲ့ တရားခံပြသက်သေတွေကိုစစ်မယ့်အဆင့်ရောက်ပြီပေါ့။ အမှုအတွက်အဆင့်လိုက်ပြောရရင် တရားခံပြသက်သေတွေစစ်ဆေးပြီးရင်တော့နှစ်ဘက်လျောက်လဲချက်ပေးပြီးအမိန့်ချမယ့်အဆင့်ပါဘဲ။”ဟုဆိုသည်။

ဒေါက်တာဇော်မြင့်မောင်အနေဖြင့် အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၅/၅၆တို့ဖြင့်စွဲဆိုထားသော အဂတိအမှု ငါးမှု၊ ရွေးကောက်ပွဲတွင် မလျော်သြဇာသုံး၍ မဲမသမာပြုလုပ်သည်ဟုဆိုကာ စွဲဆိုထားသောအမှု နှစ်မှု၊ စုစုပေါင်း အမှုခုနှစ်မှုဖြင့် တရားရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအမှုအားလုံးအတွက် စွဲချက်တင်အမိန့်များ အသီးသီးချမှတ်ထားပြီးဖြစ်သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here