လုပ်ငန်းရှင်များတင်သွင်းလာသည့် ကုန်ပစ္စည်းများ ဆိပ်ကမ်းသို့ရောက်ရှိပြီးမှ သွင်းကုန်လိုင်စင်လျှောက်ထားမှု စိစစ်တွေ့ရှိပါက ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူသွားမည်

0
146

လုပ်ငန်းရှင်များတင်သွင်းလာသည့် ကုန်ပစ္စည်းများ ဆိပ်ကမ်းသို့ရောက်ရှိပြီးမှ သွင်းကုန်လိုင်စင်လျှောက်ထားမှု စိစစ်တွေ့ရှိပါက ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူသွားမည်

လုပ်ငန်းရှင်များမှာယူတင်သွင်းလာသည့် ကုန်ပစ္စည်းများဆိပ်ကမ်းသို့ရောက်ရှိပြီးမှ သွင်းကုန်လိုင်စင်လာရောက် လျှောက်ထားမှုများ စိစစ်တွေ့ရှိပါက အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၀) ပါ စည်းကမ်းသတ်မှတ်ချက်အတိုင်း ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဋ္ဌာနက ဧပြီလ ၅ ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သော ဧပြီ ၅ ရက်နေ့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာန ၊ကုန်သွယ်ရေးဦးစီးဋ္ဌာန၏ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်၍ လုပ်ငန်းရှင်များသိရှိလိုက်နာစေရန် (၆/၂၀၂၂) အသိပေးကြေညာချက်ကို ထပ်မံ အသိပေး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယခုအခါ ကုမ္ပဏီနှင့် လုပ်ငန်းရှင်အချို့တို့သည် သွင်းကုန်လိုင်စင်လျှောက်ထားမှု နှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ၊ မိမိတို့ တင်သွင်းထားသော ကုန်ပစ္စည်းများ ဆိပ်ကမ်းသို့ ရောက်ရှိမှသာ သွင်းကုန်လိုင်စင် လျှောက်ထားမှု များပြားလာသည်ကို တွေ့ရှိရသဖြင့် ဝန်ကြီးဋ္ဌာန၏ အမိန့်ကြော်ငြာစာကို ဆန့်ကျင်လျက်ရှိကြောင်း တွေ့ရှိနေရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် မလိုလားအပ်သော ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် သွင်းကုန်လိုင်စင်၊ သွင်းကုန်ပါမစ် ခွင့်ပြုချက်ရပြီးမှသာ သင်္ဘောတင်ဆောင်ရွက်သင့်ကြောင်း နှင့် ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများရောက်ရှိပြီးမှ သွင်းကုန်လိုင်စင်၊ ပါမစ်လျှောက်ထားသည့် ကိစ္စရပ်များကို ၂၀၂၂ ခုနှစ် ဧပြီလ ၄ ရက်နေ့မှ စတင်ဆောင်ရွက် ပေးသွားမည် မဟုတ်ကြောင်းနှင့် ကုန်ပစ္စည်းရောက်ရှိပြီးမှ သွင်းကုန်လိုင်စင်လာရောက်လျှောက်ထားမှုကို စိစစ်တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး နှိုးဆော်ထားရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here