ဝမ်တာပုံရေအားလျှပ်စစ်စီမံကိန်းမှ နှစ်စဥ်ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၈၀၂ သန်းခန့်ထုတ်လုပ်နိုင်မည်

0
304

ဝမ်တာပုံရေအားလျှပ်စစ်စီမံကိန်းမှ နှစ်စဥ်ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၈၀၂ သန်းခန့်ထုတ်လုပ်နိုင်မည်

ရှမ်းပြည်(အရှေ့ပိုင်း)၊ကျိုင်းတုံမြို့ အနောက် မြောက်ဘက် ၁၇ မိုင်ခန့်အကွာရှိ ဝမ်တာပုံကျေး ရွာ၏ အထက်ဘက် နမ့်လွေမြစ်ပေါ်တွင် ဝမ်တာပုံရေအားလျှပ်စစ်စီမံကိန်းအား တည်ဆောက်ရန်လျာထားဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဝမ်တာပုံရေအားလျှပ်စစ်စီမံကိန်းအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ပြည်ထောင်စုဝန် ကြီးဦးအောင်သန်းဦးနှင့်တြိဂံဒေသတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း တို့က ဧပြီ ၇ ရက်တွင်သွားရောက်ကြည့်ရှုခဲ့ကြသည်။

ဝမ်တာပုံ ရေအားလျှပ်စစ်စီမံကိန်းသည် နမ့်လွေမြစ်ပေါ်၌ Gravity Dam တည်ဆောက်၍ စက်တပ်ဆင်အင်အား ၈၈ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက် ၂ လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား ၁၇၆ မဂ္ဂါဝပ်ထုတ်လုပ်ပေးနိုင်ကာ နှစ်စဉ်ပျမ်းမျှလျှပ်စစ် ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၈၀၂ သန်းခန့် ထုတ်လုပ်နိုင်မည်ကို ပဏာမလေ့လာစူးစမ်းမှုအရတွေ့ရှိခဲ့ရသည်ဟု ပြည်ထောင်စုဝန်ကြီးဦးအောင်သန်းဦးကပြောသည်။

“အဲဒီ စီမံကိန်းမှထွက်ရှိမယ့် လျှပ်စစ်ဓာတ်အားတွေကို နိုင်ငံတော်ဓာတ်အားစနစ်ကို ချိတ်ဆက်ပြီး ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ဖို့အထိ အဆင့်ဆင့် ဆက်လက်စူးစမ်းလေ့လာဆောင်ရွက်သွားရမှာဖြစ်ပါတယ် လက်ရှိရေအားလျှပ်စစ်စက်ရုံတွေက ရေလှောင်ကန်တွေမှာ မိုးရာသီအမီ ရေလုံလောက်တဲ့အထိ ဝန်အားလျော့ချထိန်းသိမ်းပြီး ပြည်သူတွေကို အလှည့်ကျအချိန်ပိုင်းစနစ်နဲ့ဓာတ်အားဖြန့်ဖြူးပေးနေတာကို နေရောင်ခြည်စွမ်းအင်၊လေစွမ်းအင်၊သဘာဝဓာတ်ငွေ့နဲ့ရေအားလျှပ်စစ်စကရုံတွေက နည်းလမ်းပေါင်းစုံနဲ့ ထုတ်လုပ်ရရှိနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်သွားရပါမယ်”ဟုပြည်ထောင်စုဝန်ကြီးဦးအောင်သန်းဦးကပြော သည်။

ထို့ပြင် ပြည်တွင်းရှိ ရေအားလျှပ်စစ်အရင်းအ မြစ်များမှ ဓာတ်အားထုတ်လုပ်မှုနှင့်နေရောင် ခြည်စွမ်းအင်သုံးဓာတ်အားများကို ဦးစားပေး ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိကာ မြစ်ချောင်းများပေါ်၌ ရေအားလျှပ်စစ်စက်ရုံစီမံကိန်းများ ဆောင်ရွက်ခြင်းဖြင့် မြစ်ကြီးများ၏ ရေစီးသန်မှုအားထိန်းပေးနိုင်ခြင်း၊မြစ်ရေကြီးရေလျှံမှုနှင့်နွေ ရာသီရေခန်းခြောက်မှုအား တစ်စိတ်တစ်ပိုင်း ထိန်းညှိပေးနိုင်မှု အကျိုးကျေးဇူးရရှိလာမည်ဖြစ်ကာ အချို့နေရာများ၌ ရေကြောင်းသွားလာရေး၊ ကုန်စည်ပို့ဆောင်ရေးများ ဆောင်ရွက်လာနိုင်မည် ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီး ဌာန၊ညွှန်ကြားရေးမှူးချုပ်ဦးဟိန်းထက်နှင့်တာဝန် ရှိသူများက စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ပဏာမစူးစမ်းလေ့လာတိုင်းတာရရှိထားမှုနှင့်စီမံ ကိန်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here