ဖန်ဂရမ်ရာဇီရေခဲတောင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သော တောင်တက်သမား မစိမ့်ထက်အမှု အပြီးသတ်အမိန့်ချရန်ရှိနေ

0
250

ဖန်ဂရမ်ရာဇီရေခဲတောင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သော တောင်တက်သမား မစိမ့်ထက်အမှု အပြီးသတ်အမိန့်ချရန်ရှိနေ

ကချင်ပြည်နယ်၊ ဖန်ဂရမ်ရာဇီ ရေခဲတောင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သော တောင်တက်သမား မစိမ့်ထက်အမှုနှင့် ပတ်သက်၍ လာမည့် ဧပြီ ၁၈ရက် တွင် တောင်တက်အဖွဲ့ ခေါင်းဆောင်နှစ်ဦးအပေါ် အပြီးသတ်အမိန့် ချသွားရန်ရှိကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

ယမန်နေ့ ဧပြီ ၇ ရက်တွင် ပူတာအိုမြို့နယ်တရားရုံးက အမှုနှင့်ပတ်သက်၍ နှစ်ဘက်ရှေ့နေများအပြီးသတ် လျှောက်လဲချက်ပေးခဲ့ကြပြီးဖြစ်ကြောင်းနှင့် သင်္ကြန်ကာလရုံးဖွင့်ရက် ဖြစ်သည့် ဧပြီ ၁၈ ရက် (တနင်္လာနေ့)တွင် အမိန့်ချသွားရန်ရှိကြောင်း သိရသည်။

အဆိုပါသေဆုံးမှု အတွက် တောင်တက်အဖွဲ့တစ်ခုဖြစ်သည့် The Summiter အဖွဲ့ခေါင်းဆောင် ကိုဇော်ဇင်ခိုင်နှင့် ကိုအောင်ခိုင်မြင့်တို့ နှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၄ (ပေါ့လျော့မှုကြောင့် လူသေဆုံးစေမှု)ဖြင့် ပူတာအိုမြို့နယ်တရားရုံးတွင် အမှုဖွင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

“ ပြစ်မှုနှင့် ပြစ်ဒဏ် မျှတစေချင်ပါတယ်။ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရတယ်။အမြဲတမ်းလည်း သူ့အတွက် မျက်ရည်ကျမိပါတယ်။ ” ဟု မိသားစုဝင်ဖြစ်သူတစ်ဦးက ဆိုသည်။

ကိုဇော်ဇင်ခိုင်နှင့် ကိုအောင်ခိုင်မြင့်တို့ သည် ရာဇသတ်ကြီး ပုဒ်မ ၃၀၄ အပြင် မြန်မာခရီးသွားလုပ်ငန်းဥပဒေပုဒ်မ ၃၃ အရလည်း ပူတာအိုမြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

မစိမ့်ထက်အနေဖြင့် ဖန်ဂရမ်ရာဇီရေခဲတောင်ပေါ်မှ ပြုတ်ကျသေဆုံးသည့်နေ့သည် ၂၀၁၉ ခုနှစ် ဧပြီ ၁၂ ရက်တွင် ဖြစ်ပွားခဲ့ခြင်းကြောင့် ယခု ၂၀၂၂ ခုနှစ် ဧပြီ ၁၂ ရက်နေ့တွင် သုံးနှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။

အဆိုပါ The Summiter အဖွဲ့ခေါင်းဆောင် ကိုဇော်ဇင်ခိုင်နှင့် ကိုအောင်ခိုင်မြင့်တို့ နှစ်ဦးအပါအဝင် တောင်တက်သမား ၂၁ ဦးတို့သည် ၂၀၁၉ခုနှစ် ဧပြီ ၆ ရက်နေ့တွင် ပူတာအိုမြို့မှ ဖန်ဂရမ်ရာဇီရေခဲတောင်သို့ ထွက်ခွာခဲ့ကြပြီး၊ ဧပြီ ၁၂ ရက် နံနက် ၈ နာရီ မိနစ် ၅၀ အချိန်ခန့်တွင် ဖန်ဂရမ်ရာဇီရေခဲတောင်ပေါ်သို့ ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။

ထို့နောက် နိုင်ငံတော်အလံလွှင့်ထူကာ နိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြပြီး နံနက် ၉နာရီ မိနစ် ၃၀ အချိန်တွင် တောင်ပေါ်မှ ပြန်လည်ဆင်းသက်စဉ် မစိမ့်ထက်မှာ ပေ၂ဝဝဝကျော်ရှိသော ရေခဲချောက်ထဲသို့ ခြေချော်ပြုတ်ကျ ခဲ့ခြင်းဖြစ်သည်။

မစိမ့်ထက်အတွက် ရည်စူး၍ ဒေသခံပြည်သူများနှင့် ခရီးသွားသူများ အဆင်ပြေစေရန် ဖုန်ရင်ရာဇီနှင့် ဖန်ဂရမ်ရာဇီရေခဲတောင်သို့ သွားရာလမ်းတွင်“ မစိမ့်ထက်” အမည်ရှိ တံတားတစ်စင်းကို  ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။



LEAVE A REPLY

Please enter your comment!
Please enter your name here