သင်္ကြန်ကာလ၌ ချောင်းသာကမ်းခြေရှိဟိုတယ်များ၌ ကြိုတင်ရက်ချိန်းများပြည့်နေ၍ နီးစပ်ရာကျေးရွာများတွင် နေထိုင်ရန်ချိတ်ဆက်မှုများရှိနေ

0
263

သင်္ကြန်ကာလ၌ ချောင်းသာကမ်းခြေရှိဟိုတယ်များ၌ ကြိုတင်ရက်ချိန်းများပြည့်နေ၍ နီးစပ်ရာကျေးရွာများတွင် နေထိုင်ရန်ချိတ်ဆက်မှုများရှိနေ

သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း ချောင်းသာကမ်းခြေသို့လာရောက်လည်ပတ်ရန် ဟိုတယ်များ၌ ကြိုတင်ရက်ချိန်းများပြည့်နေ၍ နီးစပ်ရာကျေးရွာများတွင် နေထိုင်ကာလည်ပတ်ရန်ချိတ် ဆက်မှုများရှိနေသည်ဟု ချောင်းသာကမ်းခြေအနီးရှိ ကျေးရွာများ၌ နေထိုင်သူများထံမှသိရသည်။

“ကျွန်မတို့အိမ်ကကျယ်တော့ ရန်ကုန်ကလာမယ့်ကျွန်မတို့သမီးအသိမိသားစု နှစ်စုလောက်ကိုတော့ လက်ခံတည်းခိုခိုင်းမယ် လက်ရှိအခြေအနေက ယုံကြည့်ရတဲ့လူတွေကိုပဲတည်းခိုခိုင်းမှာပါ သူတို့အစားအသောက်အတွက်လည်း ကျွန်မတို့ကိုစီစဥ်ပေးဖို့ကြိုပြီးပြောထားတယ် ဒေသအစားအစာပေါ့”ဟုဖိုးမောင်ကြိုင်ကျေးရွာနေအမျိုးသမီးတစ်ဦးကပြောသည်။

ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်ရန် ဧပြီလအစမှစတင်ကာ ဟိုတယ်များထံဖုန်းဆက်၍ကြိုတင်ရက်ချိန်းများရယူထားကြသဖြင့် ချောင်းသာကမ်းခြေရှိ ဟိုတယ်များအားလုံး၏ အခန်းများမှာ အခန်းပြည့်ပြီဖြစ်ကြောင်း သိရသည်။

“တစ်ချို့ကဖုန်းဆက်ပြီး အခန်းဘိုကင်တင်တဲ့အချိန် အခန်းပြည့်သွားပြီဆိုရင် နီးစပ်တဲ့ရွာတွေမှာကော တည်းလို့ရတဲ့အိမ်ရှိလားမေးကြတယ် ဟိုတယ်ဝန်ထမ်းအများစုက ကမ်းခြေနဲ့နီးတဲ့ရွာတွေကများတဲ့အတွက် စိတ်ချယုံကြည်ရတဲ့အနေအထားဖြစ်ရင် တည်းခိုခွင့်ပေးဖို့သူတို့အိမ်တွေနဲ့ညှိပြီးလုပ်ကြတာတွေရှိတယ်”ဟုဟိုတယ်ဧည့်ကြိုဝန်ထမ်းတစ်ဦးကပြောသည်။

ချောင်းသာကမ်းခြေအနီးတွင် ရွှေတောင်၊ကံကြီး၊ဖိုးမောင်ကြိုင်၊သဇင်၊ရေဆိုးနှင့်ငွေဆောင်ကျေးရွာတို့ရှိသဖြင့် ကမ်းခြေသို့လာရောက်လည်ပတ်မည့်သူများမှာ တည်းခိုနိုင်ရန်ချိတ်ဆက်နေကြခြင်းဖြစ်ကြောင်း သိရသည်။

“ဟိုတယ်တွေအကုန်လုံး အခန်းပြည့်တဲ့အပြင် တည်းခိုခန်းတွေ Guest House တွေမှာပါအကုန်အခန်းတွေပြည့်နေတာ ရွာတွေမှာတည်းဖို့အတွက်အဆင်ပြေသွားကြတဲ့လူတွေလည်းရှိသလို အဆင်မပြေတဲ့လူတွေလည်းရှိတယ် ကိုဗစ်ရောဂါဖြစ်တာလည်းနည်းသွားသလို နိုင်ငံရေးအခြေအနေကလည်း တည်ငြိမ်လာတဲ့အနေအထားတစ်ခုဖြစ်လာတာရယ် ၂ နှစ်ကျော် ၃ နှစ်လောက်က ဘယ်မှသွားလို့မရခဲ့တဲ့အနေအထားတွေရှိခဲ့တော့ အခုလိုသွားလာလို့ရတဲ့အချိန်မှာ စိတ်မွန်းကြပ်တာတွေကိုဖြေလျော့ဖို့လာကြတဲ့လူတွေများသွားတာဖြစ်မယ်လို့ထင်တယ်”ဟုဟိုတယ်ဧည့်ကြိုဝန်ထမ်းကိုအောင်မြတ်ကပြောသည်။

ထိုသို့ အခန်းများပြည့်နေသည့်အပြင် အခန်းခများ၊အစားအသောက်စျေးနှုန်းများလည်း ယခင်ထက်စျေးနှုန်းများမြင့်တက်လျက်ရှိကြောင်း သိရသည်။

“ဖုန်းဆက်တဲ့လူတွေကတော့ နေ့တိုင်းပဲအခန်းကျန်သေးလားဆိုပြီးမေးကြတယ် နောက်ပြီးအခန်းခတွေကလည်းအရင်ထက်ပိုပြီးစျေးတွေတက်သွားတယ် အရင်က ၄ ယောက်ခန်း ဘန်ဂလိုတွေဆိုရင် ၈ သောင်းလောက်နဲ့တည်းခိုလို့ရပေမယ့် အခုဆိုရင် ထက်ဝက်ကျော်လောက်အထိတက်သွားတယ်ဟိုတယ်အခန်းတွေဆိုရင်လည်း အဲဒီအတိုင်းပဲ”ဟုကိုအောင်မြတ်ကပြောသည်။

ချောင်းသာကမ်းခြေသို့လာရောက်လည်ပတ်မည့်သူများ စိတ်အေးချမ်းသာစွာလည်ပတ်နိုင်စေရန် လုံခြုံရေးအဖွဲ့ဝင်များက ဟိုတယ်၊တည်းခိုခန်းနှင့် Guest House အသီးသီးမှတာဝန်ရှိသူများနှင့်ညှိနှုင်း၍ လုံခြုံရေးအစီအစဥ်များချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here