နိုင်ငံတကာအဆင့်မီငါးလေလံဈေးကြီးအား မြိတ်မြို့နယ်၌ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင်စတင်ဆောက်လုပ်ရန်လျာထား

0
151

နိုင်ငံတကာအဆင့်မီငါးလေလံဈေးကြီးအား မြိတ်မြို့နယ်၌ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင်စတင်ဆောက်လုပ်ရန်လျာထား

တနင်္သာရီတိုင်း၊မြိတ်မြို့နယ်၊စန္ဒဝတ်ကျေးရွာ အုပ်စု၌ အမေရိကန်ဒေါ်လာသန်း ၃၀၀ ရင်းနှီးမြှုတ်နှံမည့် နိုင်ငံတကာအဆင့်မီငါးလေလံစျေးကြီးအား ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာဆောက် လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ငါးလေလံစျေးကြီးတည်ဆောက်ရန် ဝန်ကြီးဌာနအဆင့်ဆင့်သို့ တင်ပြခွင့်တောင်းခဲ့ရာမှခွင့်ပြုချက်ရရှိခဲ့သဖြင့် နှစ်ကုန်ပိုင်းမှစတင်ကာ စီမံကိန်းတည်ဆောက်ရေးကာလ ၇ နှစ်သတ်မှတ် ၍ စတင်ဆောက်လုပ်သွားမည်ဖြစ်သည်။

“၂၀၂၈ ခုနှစ်မှာအပြီးတည်ဆောက်သွားမှာပါ တ နင်္သာရီတိုင်းရဲ့ အဓိကလုပ်ငန်းက ရေလုပ်ငန်းဖြစ်တာရယ် ရေထွက်ကုန်ပစ္စည်းတွေကို တခြားနိုင်ငံတွေဆီတင်ပို့နေရတဲ့အတွက် မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာငါးစျေးကွက်တစ်ခု ပေါ်ပေါက်စေလိုတဲ့ရည်ရွယ်ချက်နဲ့ ဒီစီမံကိန်းကိုဆောင်ရွက်နေခြင်းဖြစ်ပါတယ်”ဟု နိုင်ငံတကာအဆင့်မီငါးလေလံစီမံကိန်းမှ တာဝန်ရှိသူတစ်ဦးကပြော သည်။

ယင်း နိုင်ငံတကာအဆင့်မီငါးလေလံစျေးအား စတင်ဆောက်လုပ်ချိန်မှစတင်ကာ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာနှင့်စီမံကိန်းပြီးစီး၍ လုပ်ငန်းများစတင်ဆောင် ရွက်ရာတွင်လည်း အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

“သတင်းကတော့ကြားထားတယ် ငါးလေလံစျေးကြီးဆောက်တော့မယ် ဒီနှစ်ကုန်လောက်ဆိုရင် ဆောက်ဖြစ်တယ်ဆိုရင်တော့ ကျွန်တော်တို့ဒေသ ခံတွေအတွက် ဝမ်းသာစရာပေါ့ဗျာ အလုပ်အကိုင်တွေပေါလာမယ် ဝင်ငွေတွေလည်းများလာမယ် စပြီးဆောက်ပြီဆိုတာနဲ့ ထိုင်းမှာအလုပ်သွားလုပ်နေတဲ့ကျွန်တော့်သားကိုပြန်ခေါ်ပြီး ဒီမှာပဲအလုပ်လုပ်ခိုင်းဖို့စဥ်းစားထားတယ်”ဟုဒေသခံတစ်ဦးဖြစ်သည့် ဦးတင်သောင်းကပြောသည်။

နိုင်ငံတကာအဆင့်မီငါးလေလံစျေးစီမံကိန်း၌ ငါးတင်ငါးချဆိပ်ကမ်း၊အအေးခန်းများ၊ကုန်ကြမ်းများအချောထည်လုပ်မည့်စက်ရုံများ၊လူနေအိမ်ယာများ၊ဆက်စပ်နေရာများ၊စီမံကိန်းထပ်မံတိုးချဲ့မည့်နေရာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“အလုပ်အကိုင်အခွင့်အလမ်းဆိုရင် ဒေသခံနဲ့အနယ်နယ်အရပ်ရပ်က အလုပ်သမားသောင်းကျော်အတွက် ဖန်တီးပေးနိုင်မှာပါ ဒီစီမံကိန်းကို ၂၀၂၈ ခုနှစ်မှာအပြီးတည်ဆောက်သွားမှာပါ”ဟုအဆိုပါ တာဝန်ရှိသူကဆက်ပြောသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here