မန္တလေးမြို့၌လေပြင်းတိုက်ခတ်မှုကြောင့် နေရာ ၈၀ ကျော်၌ သစ်ပင်များလဲကျကာ လူနေအိမ်များပေါ်သို့ပိကျမှုများရှိခဲ့

0
172

မန္တလေးမြို့၌လေပြင်းတိုက်ခတ်မှုကြောင့် နေရာ ၈၀ ကျော်၌ သစ်ပင်များလဲကျကာ လူနေအိမ်များပေါ်သို့ပိကျမှုများရှိခဲ့

မန္တလေးမြို့အတွင်း၌ ဧပြီ ၁၈ ရက်ညပိုင်းက မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်ခဲ့သဖြင့် သစ်ပင်များလဲကျခြင်း၊ဓာတ်တိုင်များလဲကျခြင်းတို့ဖြစ်ပေါ်ကာ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ကြောင်း မန္တလေးတိုင်းဗဟိုမီးသတ်တပ်ဖွဲ့မှသိရသည်။

မန္တလေးမြို့ရှိ အောင်မြေသာစံ၊ချမ်းအေးသာစံ၊မဟာအောင်မြေ၊ချမ်းမြသာစည်၊ပြည်ကြီးတံခွန်၊အမရပူရနှင့်ပုသိမ်ကြီးမြို့နယ်တို့၌ ည ၇ နာရီ ၁၅ မိနစ်ခန့်က မိုးရွာသွန်းကာလေပြင်းများတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုးရွာသွန်းကာလေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျရာတွင် လူနေအိမ်များပေါ်သို့သစ်ပင်များလဲကျခြင်းများရှိခဲ့ကာ ဓာတ်တိုင်များလဲကျခြင်းတို့လည်းဖြစ်ပေါ်ခဲ့သဖြင့် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“မန္တလေးမြို့က ၇ မြို့နယ်လုံးက နေရာပေါင်း ၈၀ ကျော်လောက်မှာသစ်ပင်လဲကျတာတွေဖြစ်ခဲ့တယ် ဓာတ်တိုင်တွေလဲကျတယ် လမ်းပိတ်ဆို့တာတွေဖြစ်သွားတာပေါ့ အိမ်တွေပေါ်ကိုသစ်ပင်တွေလဲကျပေမဲ့ လူထိခိုက်ဒဏ်ရာရတာမရှိခဲ့ပါဘူး”ဟု မန္တလေးတိုင်းဗဟိုမီးသတ်တပ်ဖွဲ့စခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

သစ်ပင်လဲကျမှုများနှင့်ဓာတ်တိုင်လဲကျမှုများအား မီးသတ်တပ်ဖွဲ့ဝင်များက အင်အား ၂၅၀ ဦးကျော်ဖြင့် ရှင်းလင်းရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

“ဒီနေ့မနက်ပိုင်းမှာလည်း အင်အားအများအပြားနဲ့ညက ရှင်းလင်းရေးလုပ်ငန်းမပြီးပြတ်သေးတဲ့နေရာတွေကိုထပ်ပြီး ရှင်းလင်းရေးလုပ်နေပါတယ် လူမှုကူညီရေးအသင်းတွေကလည်း ဝိုင်းဝန်းရှင်းလင်းပေးခဲ့ကြတယ်”ဟုမန္တလေးတိုင်းဗဟိုမီးသတ်တပ်ဖွဲ့စခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

မန္တလေးမြို့အတွင်း မိုးရွာသွန်းကာလေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျခြင်း၊ဓာတ်တိုင်များလဲကျခြင်းတို့အပြင် အချို့စက်လှေများလည်း ရေဝင်နစ်မြုတ်ခြင်းနှင့်လမ်းများပေါ်၌ ရပ်တန့်ထားသည့် ကားများပေါ်သို့သစ်ပင်လဲကျခြင်း၊လူနေအိမ်များပေါ်သို့ သစ်ပင်လဲကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ညကလေကောမိုးကော တော်တော်ပြင်းတယ် ကျွန်တော်တို့ဘေးအိမ်ပေါ်ကိုသစ်ပင်လဲကျလို့ အိမ်ထဲကလူတွေကိုအပြင်ရောက်အောင်ခေါ်ထုတ်ခဲ့ရတယ် လူထိခိုက်သွားတာမရှိပေမယ့် အိမ်ကတော့ပျက်စီးသွားတာတွေရှိတယ်”ဟုမန္တလေးမြို့ခံတစ်ဦးဖြစ်သည့် ဦးကျော်စိုးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here