နိုင်ငံရေးပါတီများနှင့် စပ်လျဉ်း၍ UEC၏ စစ်ဆေး ဆောင်ရွက်နေမှုများအား တရုတ်သံအမတ်ကြီး မေးမြန်းစုံစမ်း

0
160

နိုင်ငံရေးပါတီများနှင့် စပ်လျဉ်း၍ UEC၏ စစ်ဆေး ဆောင်ရွက်နေမှုများအား တရုတ်သံအမတ်ကြီး မေးမြန်းစုံစမ်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် တို့ ဧပြီလ ၁၉ ရက်နေ့ က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် တရုတ်သံအမတ်ကြီးက မေးမြန်းစုံစမ်းခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံမှုနှင့်ပတ်သတ်ပြီး နစကပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နစက၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ ဆောင်ရွက်နေမှု၊ ဆက်လက် ဆောင်ရွက်မည့် အခြေအနေနှင့် နိုင်ငံရေးပါတီများနှင့် စပ်လျဉ်း၍ စစ်ဆေး ဆောင်ရွက်နေမှုတို့ကို မေးမြန်းကြောင်း သတင်းထုတ်ပြန်ထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လက်ရှိ ဆောင်ရွက်လျက်ရှိသည့် အခြေ အနေ၊ ရွေးကောက်ပွဲကျင်းပနိုင် ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခြင်း၊ မဲဆန္ဒရှင်စာရင်း များ ပြုစုခြင်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နိုင်ငံရေးပါတီများအား စစ်ဆေး ဆောင်ရွက်နေမှုနှင့် တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ခင်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ဦးဆောင်ပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် စာရင်းစစ်ချုပ်ရုံးတို့မှ ဌာနဆိုင်ရာ ကိုယ်စားလှယ်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့များဖြင့် နိုင်ငံရေးပါတီများအား စစ်ဆေးနေရာတွင် ကချင်ပြည်နယ်အခြေစိုက်ပါတီ ၅ ပါတီ၊ ကရင်ပြည်နယ်အခြေစိုက်ပါတီ ၂ ပါတီ၊ စစ်ကိုင်းတိုင်းဒေသကြီးအခြေစိုက်ပါတီ ၂ ပါတီ၊ တနင်္သာရီတိုင်းဒေသကြီးအခြေစိုက်ပါတီ ၁ ပါတီ၊ ပဲခူးတိုင်းဒေသကြီးအခြေစိုက်ပါတီ ၃ ပါတီ၊ မန္တလေးတိုင်းဒေသကြီးအခြေစိုက်ပါတီ ၂ ပါတီ၊ မွန်ပြည်နယ်အခြေစိုက်ပါတီ ၃ ပါတီ၊ ရခိုင်ပြည်နယ် အခြေစိုက်ပါတီ ၇ ပါတီ၊ ရန်ကုန်တိုင်းဒေသကြီးအခြေစိုက်ပါတီ ၃၆ ပါတီ၊ ရှမ်းပြည်နယ် အခြေစိုက်ပါတီ ၁၅ ပါတီ၊ ဧရာဝတီတိုင်းဒေသကြီးအခြေစိုက်ပါတီ ၁ ပါတီနှင့် ပြည်ထောင်စုနယ်မြေ အခြေစိုက်ပါတီ ၄ ပါတီ စုစုပေါင်း နိုင်ငံရေးပါတီ ၈၁ ပါတီကို စစ်ဆေးခဲ့ပြီးဖြစ်သည်။

ဆက်လက်၍ ၂၀၂၂ ခုနှစ် မတ်လ ၇ ရက်မှ ၁၁ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး အခြေစိုက်ပါတီများဖြစ်သော မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ကရင်အမျိုးသားပါတီတို့ကိုလည်းကောင်း၊ မတ်လ ၁၀ ရက်မှ ၁၂ ရက်အထိ ရခိုင်ပြည်နယ်အခြေစိုက်ပါတီဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ချင်းပြည်နယ်အခြေစိုက်ပါတီဖြစ်သော ခူမီး(ခမီး) အမျိုးသားပါတီတို့ကို ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ ချင်းပြည်နယ်အခြေစိုက်ပါတီဖြစ်သော တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီနှင့် ရန်ကုန်တိုင်းဒေသကြီး အခြေစိုက်ပါတီဖြစ်သော ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ကို ချင်းပြည်နယ်တွင်လည်းကောင်း စစ်ဆေးခဲ့သည်ဟုသိရသည်။

တစ်ဖက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊မြန်မာ့လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စသည်တို့က အစစ်ဆေးမခံ၍နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်တည်ဆဲဥပဒေ၊နည်းဥပဒေများ၊လုပ်ထုံးလုပ်နည်းများ၊အမိန့်နှင့်ညွှန်ကြားချက်များကိုလေးစားလိုက်နာရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးအကြောင်းကြားစာများပေးပို့ထားသည်ကိုလည်း တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here