နောင်ချိုမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်အနီး၌ လက်လုပ်ဗုံး ၂ လုံးပေါက်ကွဲမှုဖြစ်ပွားကာ အမျိုး သား ၂ ဦးသေဆုံးခဲ့

0
262

နောင်ချိုမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်အနီး၌ လက်လုပ်ဗုံး ၂ လုံးပေါက်ကွဲမှုဖြစ်ပွားကာ အမျိုး သား ၂ ဦးသေဆုံးခဲ့

ရှမ်းပြည်(မြောက်ပိုင်း)၊နောင်ချိုမြို့၊စျေးရပ် ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်အနီး၌ ဧပြီ ၂၀ ရက်(ယနေ့)နံနက်ပိုင်းက လက်လုပ်ဗုံး ၂ လုံး ပေါက်ကွဲမှုဖြစ်ပွားကာ ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီး အမျိုးသား ၂ ဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

မြန်မာ့စီးပွားရေးဘဏ်အား ဆိုင်ကယ်စီးလာသည့် အမျိုးသား ၂ ဦးမှ နံနက် ၅ နာရီခန့်တွင် လက် လုပ်ဗုံးဖြင့်လာရောက်ပစ်ပေါက်ရာ ဘဏ်၏အုတ်တံတိုင်းအား ထိမှန်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဗုံးနဲ့ဘဏ်ကိုပစ်ပေါက်တယ်လို့ကြားတယ် လုံခြုံ ရေးယူထားတဲ့စစ်သားတွေရှိနေတော့ ပစ်ခတ်လိုက်တဲ့အသံတွေလည်းကြားတယ် နောက်ထပ်ဗုံးပေါက်သံလည်း ထပ်ကြားရတယ် မနက်မိုး လင်းလို့စုံစမ်းကြည့်တော့ ၂ ယောက်သေတယ်ဆိုတာကိုသိရတာ”ဟုဒေသခံတစ်ဦးကပြောသည်။

မြန်မာ့စီးပွားရေးဘဏ်အား လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခဲ့သည့် အမျိုးသား ၂ ဦးသည် လုံခြုံရေးအဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်ဖြင့်မောင့်နှင်ထွက်ပြေးရာမှလမ်းတစ်ဖက်သို့အရောက်တွင် ၎င်းတို့ထံ၌ပါလာသည့် လက်လုပ်ဗုံးမှထပ်မံပေါက်ကွဲခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ် ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲမှု၌သေဆုံးသွားသည့် အမျိုးသား ၂ ဦးအား နောင်ချိုမြို့အခြေစိုက်လူမှုကူညီရေးအသင်းများမှ လာရောက်သယ်ဆောင်ကာ နောင်ချိုမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်နေရာအား နယ်မြေခံလုံခြုံရေးအဖွဲ့ဝင်များထပ်မံရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး အနီးပတ်ဝန်းကျင်အား စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here