မြန်မာတွင် LNG project ရင်းနှီးမြှုပ်နှံမှုတစ်ခုဆောင်ရွက်လိုကြောင်း ကုမ္ပဏီတစ်ခု MIC သို့ ကမ်းလှမ်းတင်ပြထား

0
157

မြန်မာတွင် LNG project ရင်းနှီးမြှုပ်နှံမှုတစ်ခုဆောင်ရွက်လိုကြောင်း ကုမ္ပဏီတစ်ခု MIC သို့ ကမ်းလှမ်းတင်ပြထား

မြန်မာနိုင်ငံတွင် LNG projects နှင့် energy companies များ ထွက်ခွာမှုအချို့ရှိနေပြီး ၊ ဈေးနှုန်းအဆမတန် မြင့်မားလာ၍ စီးပွားရေးတွက်ခြေကိုက်မှု မရှိသည့်အတွက်ကြောင့် LNG စီမံကိန်းများ ရပ်ဆိုင်းသည်များရှိသော်လည်း တစ်ဖက်တွင် ကုမ္ပဏီတစ်ခုက LNG project ရင်းနှီးမြှုပ်နှံမှု တစ်ခု MIC သို့ ကမ်းလှမ်းတင်ပြထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ပြောသည်။

နိုင်ငံခြားသတင်းဌာနများနှင့် ယခုရက်ထဲ တွေ့ဆုံအင်တာဗျူးဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအတွင်း LNG projects နှင့် energy companies အကြောင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“MIC က မကြာမီ အတည်ပြုမည်ဟု မျှော်လင့်ရပါကြောင်း” ဦးမောင်မောင်အုန်းက ရှင်းပြသည်။

ယင်းနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းအတွက် လိုအပ်သည့် လျှပ်စစ်စွမ်းအင်ကို Liquefied Natural Gas-LNG မှ အဓိကရယူမည်ဖြစ်ပြီး စီမံကိန်းများ ဆက်လက်ဆောင်ရွက်ရန်ရှိပါကြောင်း၊ ဈေးနှုန်းများကျဆင်းလာပါက ရပ်ဆိုင်းထားသည့် LNG စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ ပြန်လည် စတင်မည်ဖြစ်ပါကြောင်းလည်း ဖြေကြားသည်။

Petronas စသည့် စွမ်းအင်ကုမ္ပဏီများ ပြန်လည်ထွက်ခွာ သွားခြင်းနှင့် ပတ်သက်ပြီး ပြဿနာအကြီးအကျယ်မရှိဘဲ စာချုပ်ပါ စည်းမျဉ်းများအရ ကျန်သည့်အစုရှယ်ယာရှင်များက နေရာဝင်ယူ၍ လုပ်ငန်းများ ဆက်လက်လည်ပတ်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့စီမံကိန်းများ ဆက်လက်တည်ရှိနေမည်ဖြစ်ပါကြောင်းပါ ပြန်လည်ဖြေကြားသည်။

အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံစီမံကိန်း ဆက်လက် ဆောင်ရွက်နေခြင်းရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဧရာဝတီတိုင်းဒေသကြီး မီးလင်းချိုင်တွင် အဆိုပါ စီမံကိန်းဆောင်ရွက်ရန် MIC အတည်ပြုခွင့်ပြုချက်ရှိပြီးဖြစ်၍ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းသည် အကြီးစားစွမ်းအင်စီမံကိန်းတစ်ခုဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဖြည့်စွက်ပြောကြားရာတွင် မြန်မာနိုင်ငံမှ ထွက်သွားသည့် ရေနံကုမ္ပဏီများနှင့်ပတ်သက်၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ သုံးခုရှိပါကြောင်း၊ ထိုသို့ ထွက်သွား ရသည့် အကြောင်းရင်းမှာ လုပ်ငန်းများပြီးဆုံးပြီး ရှာဖွေမှုတွက်ခြေ မကိုက်မှု၊ လက်ရှိအစိုးရအပေါ် မကျေနပ်မှုနှင့် ပြင်ပဖိအားပေးခြင်း ခံရမှုများကြောင့် ဖြစ်နိုင်ပါကြောင်း၊ အဓိကအားဖြင့် ၎င်းတို့ဆောင်ရွက် နေသည့် လုပ်ကွက်များတွင် သဘာဝဓာတ်ငွေ့များထုတ်လုပ်မှု ကျဆင်းလာပြီး နှစ်အနည်းငယ်တွင် ထုတ်လုပ်မှုများ ပိုမိုကျဆင်းတော့ မည်ဖြစ်သည့်အတွက် ထွက်သွားလိုခြင်း ဖြစ်နိုင်ပါကြောင်း၊ လူ့အခွင့် အရေးသည် အကြောင်းပြချက်သာဖြစ်ပြီး အကျိုးအမြတ်ကျတော့မည်၊ ကန်ထရိုက်သက်တမ်း ကုန်တော့မည်ဖြစ်သည့်အတွက် ထွက်သွားခြင်းသာဖြစ်ပါကြောင်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ၏ ရာခိုင်နှုန်းအနည်းငယ်လောက်သာ ထွက်ခွာသွားခြင်းဖြစ်သည့် အတွက် စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွင် ကြီးမားသည့် သက်ရောက်မှုနှင့် ထိခိုက်ဆုံးရှုံးမှုမရှိပါကြောင်း။ယခုလို ထွက်သွားသည့်အတွက် ရင်းနှီးမြှုပ်နှံမှုတွင် ကြီးကြီး မားမား သက်ရောက်မှုနှင့် ဆုံးရှုံးမှုများ မရှိပါကြောင်း၊ ယခုထွက်သွားသည့် ရေနံလုပ်ကွက်များကိုလည်း ထိုင်းနိုင်ငံ PTT(EPI) ကုမ္ပဏီနှင့် ကိုရီးယားနိုင်ငံ POSCO တို့က လုပ်ထုံးလုပ်ငန်းများနှင့်အညီ လွှဲပြောင်း၍ ဆက်လက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ထိုင်းနိုင်ငံကုမ္ပဏီမှ မဟုတ်ဘဲ နိုင်ငံနှင့် ပြည်သူ့အကျိုးစီးပွားဖြစ်ထွန်းစေမည့် မည်သည့်နိုင်ငံမှ ကုမ္ပဏီနှင့်မဆို မိမိတို့အနေဖြင့် အကောင်းဆုံး ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့သည်ကိုတွေ့ရှိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here