ရန်ကုန်မြို့တွင် YBS ယာဉ်လိုင်းများ ပြေးဆွဲနေသည့် ကုမ္ပဏီတစ်ခုက နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လျှပ်စစ်ဘတ်စ်ကားများဖြင့် ပြောင်းလဲပြေးဆွဲရန် အဆိုပြုထား

0
155

ရန်ကုန်မြို့တွင် YBS ယာဉ်လိုင်းများ ပြေးဆွဲနေသည့် ကုမ္ပဏီတစ်ခုက နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လျှပ်စစ်ဘတ်စ်ကားများဖြင့် ပြောင်းလဲပြေးဆွဲရန် အဆိုပြုထား

လျှပ်စစ်ကားများ ထုတ်လုပ်ပြေးဆွဲနိုင်ရေး နေပြည်တော်တွင် ဆက်စပ်ဝန်ကြီးဌာနများ ညှိနှိုင်းစည်းဝေးခဲ့ကြသည်ဟုသိရသည်။

နစက က “Public Transportation အတွက် ခရီးတို မြို့တွင်းပြေးဆွဲသည့် လျှပ်စစ်ယာဉ်များ၊ လျှပ်စစ် ဘတ်စ်ကားများ တင်သွင်းထုတ်လုပ်အသုံးပြုနိုင်ရေးအတွက် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံ မှုများဖိတ်ခေါ်၍ ဆောင်ရွက်ရန်” ညွှန်ကြားချက်များအရ စက်မှုဝန်ကြီးဌာနအနေဖြင့် ထုတ်ပြန်ထားသည့် မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာ မူဝါဒပါလုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေရသောကြောင့် လျှပ်စစ်မော်တော်ယာဉ်ကဏ္ဍအတွက် ပြည်တွင်း ထုတ်လုပ်မှု ကို တာဝန်ခံဝန်ကြီးဌာနအနေဖြင့် ထိန်းကျောင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်မော်တော်ယာဉ် ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လျှပ်စစ်မော်တော်ယာဉ်တင်သွင်း၊ ထုတ်လုပ်မှုနှင့် ပတ်သက်ပြီးချမှတ်ထားသော တိကျသည့် မူဝါဒတစ်ခုရှိရန် အမှန်ပင်လိုအပ်နေပြီဖြစ်ကြောင်းလည်း ဆိုသည်။

ရန်ကုန်မြို့တွင် လူထုသယ်ယူပို့ဆောင်ရေး အတွက် YBS ယာဉ်လိုင်းများ ပြေးဆွဲနေသည့် ကုမ္ပဏီတစ်ခုက နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လူထုသယ်ယူပို့ဆောင်ရေးအား လျှပ်စစ်ဘတ်စ်ကားများဖြင့် ပြောင်းလဲပြေးဆွဲရန် အဆိုပြုလာသဖြင့် နစကသို့ တင်ပြခဲ့ရာ လိုအပ်သည့်မူဝါဒများ ချမှတ်နိုင်ရေး အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်လမ်းညွှန်ထားသည်ဟု ယင်းအစည်းအဝေးမှသိရသည်။

ထို့ကြောင့် Action Plan နှင့်အတူ တိကျသည့် ညွှန်ကြားချက်၊ မူဝါဒများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြတ်သားစွာ ထည့်သွင်းဖော်ပြရန်လိုအပ်လျှက်ရှိသည်ဟုသိရသည်။ လျှပ်စစ်မော်တော်ယာဉ်လုပ်ငန်းတစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် Action Plan တစ်ခုဖြစ်ရန် လိုအပ်သောကြောင့် နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကိုလည်းလေ့လာပြီး လိုအပ်ပါကကိုးကား၍ ထည့်သွင်း အသုံးပြုသင့်ပါက လက်ခံကျင့်သုံးရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ အထွေထွေ မန်နေဂျာတို့က Electric Vehicle Development Policy and Action Plan ဆိုင်ရာဆောင်ရွက်ထားမှုအခြေအနေများကိုလည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ ဒုတိယအထွေထွေ မန်နေဂျာတို့က စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဒေသတွင်း နိုင်ငံအချို့တွင် လျှပ်စစ်သုံးယာဉ်မူဝါဒ ချမှတ်ထားရှိမှုနှင့် မြန်မာနိုင်ငံအတွက် မူဝါဒဆိုင်ရာ အကြံပြုချက်များကိုလည်းကောင်း၊ Omni Focus Co., Ltd. ၏ တာဝန်ရှိသူတစ်ဦးမှ လျှပ်စစ်ဘတ်စ်ကားများ ပြောင်းလဲ ပြေးဆွဲရေးဆိုင်ရာ လုပ်ငန်းစီမံချက်များကိုလည်းကောင်း တင်ပြဆွေးနွေးသည်။

ယင်းနောက် တာဝန်ရှိသူတို့က နစကဥက္ကဋ္ဌ၏ ညွှန်ကြားချက်အရ လျှပ်စစ်ကား များကို မြန်မာနိုင်ငံတွင် အမြန်ဆုံးတင်သွင်းပြေးဆွဲ နိုင်ရေးအတွက် ဝန်ကြီးဌာနအလိုက် ကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများကိုလည်းကောင်း၊ လျှပ်စစ်ကားများအား ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အသေးစိတ် ကိုလည်းကောင်း၊ လျှပ်စစ်ကားများနှင့် ပတ်သက်သည့် စံချိန်စံညွှန်းများ သတ်မှတ်ပြဋ္ဌာန်းနိုင်ရေးကိစ္စ၊ လျှပ်စစ် ကားများနှင့် အပိုပစ္စည်း အစိတ်အပိုင်းများ တင်သွင်းလာပါက အကောက်ခွန်နှုန်းထားများ ဖြေလျှော့ပေးမည့် အခြေအနေများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဖြေလျှော့ဆောင်ရွက်ပေး မည့်အခြေအနေများ၊ လျှပ်စစ်ယာဉ်များအတွက် ပြဋ္ဌာန်းမည့်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များရေးဆွဲရေး အတွက် ပံ့ပိုးကူညီပေးမည့် အခြေအနေတို့ကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်ဟုလည်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here