အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်မှု၊ အကူအညီပေးမှုများ ဆက်လက် ဆောင်ရွက်သွားမည်

0
168

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်မှု၊ အကူအညီပေးမှုများ ဆက်လက် ဆောင်ရွက်သွားမည်

မြန်မာ့ရွေးကောက်ပွဲကိစ္စနှင့် ပတ်သတ်ပြီး အိန္ဒိယသံအမတ်ကြီး နှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တို့ ဧပြီ၂၅ရက်က နေပြည်တော်တွင်တွေ့ဆုံစဉ် အိန္ဒိယဘက်က ပြောကြားလိုက်ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံသည် ယခင်ကတည်းက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အကူအညီများပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီစနစ် ဖော်ဆောင် ရာတွင် အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီစနစ်၊ ဥပဒေများကို လေ့လာ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုသိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး က မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့သည် ရင်းနှီးချစ်ကြည်စွာဖြင့် မိတ်ဆွေကောင်း အိမ်နီးချင်း နိုင်ငံများဖြစ်ကြောင်း၊ ဘာသာ၊ ယဉ်ကျေးမှုနှင့် ဒီမိုကရေစီနစ်ကို ဖော်ဆောင်ရာတွင်လည်း တူညီသော သမိုင်းကြောင်းများရှိခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်မှု၊ အကူအညီပေးမှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် အကူအညီပေးနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းသည်။

မေးမြန်းမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများ ပြုစုဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီများကို စစ်ဆေး ဆောင်ရွက်နေမှု၊ PR စနစ် ပြောင်းလဲကျင့်သုံးနိုင်ရေး ပြင်ဆင် ဆောင်ရွက်နေမှုနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ အကူအညီပေးနိုင်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း တရုတ်သံအမတ်ကြီးသည် မြန်မာ့ရွေးကောက်ပွဲကိစ္စနှင့် ပတ်သတ်ပြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နှင့် တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here